ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများသည် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဥပဒေ ဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

PUBLISHED - August 2, 2023
နေပြည်တော်၊ ဩဂုတ် ၂
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့် ရရှိသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့် ရ ကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၊ ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ကို အလေးထားသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/ ၂၀၂၃၊ ၄၉/ ၂၀၂၃၊ ၅၀/ ၂၀၂၃၊ ၅၁/ ၂၀၂၃၊ ၅၂/ ၂၀၂၃၊ ၅၃/ ၂၀၂၃ နှင့် ၅၄/ ၂၀၂၃ တို့ကို ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်များအရ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ် ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၇/ ၂၀၂၁၊ ၇၁/ ၂၀၂၁၊ ၃၈/ ၂၀၂၁၊ ၄၅/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ ဦးဝင်းမြင့်အား တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၆/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျ ခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များ အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာ ခွင့်ပြုခြင်း၊ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်း ခံထားရသော အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲ ကျခံစေခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၇၇၄၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၂၅ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးခြင်းနှင့် နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုပိတ်သိမ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အမှုမှ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အမိန့်အမှတ် ၄၈/ ၂၀၂၃ နှင့် ၄၉/ ၂၀၂၃ တို့အရ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ပြီး၊ နိုင်ငံခြားသား အကျဉ်းသား/ သူ ၁၂၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခြင်းသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို မြှင့်တင် ဆောင်ရွက်ရာ ရောက်သည်ဟု ရှုမြင်ကြောင်း ထုတ်ပြန်ထားသည်။
ဤဆောင်ရွက်မှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင် သော လုပ်ဆောင်ချက်ဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှုကိုလည်း အလေးထားရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေကြောင်း၊ ထုတ်ပြန် ထားသည်။
သေဒဏ်ပြစ်ဒဏ်မှထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံ ရရှိသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့် ရရှိကြပြီး၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့် ရရှိသူများသည် မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းခွင့် ရကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင် မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia