ပြည့်တန်ဆာလုပ်ငန်းလုပ်ဖို့ဖိအားပေးခံနေရတဲ့ အသက်မပြည့်သေးတဲ့မိန်းကလေးကို ထိုင်းအုပ်ချုပ်ရေးအဖွဲ့ ကယ်ထုတ်
PUBLISHED - September 18, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံ ဖယောင်းပြည်နယ်၊ မူအန်ခရိုင်ရှိ မိုတယ်တစ်ခုကို ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက အရာရှိအဖွဲ့တစ် ဖွဲ့က စနေနေ့ (စက်တင်ဘာလ ၁၆ ရက် နေ့) ညပိုင်းကဝင်ရောက်စီးနင်းခဲ့ရာမှာ ပြည့်တန်ဆာလုပ်ငန်းလုပ် ကိုင်ဖို့ ကာရာအိုကေဘားပိုင်ရှင်က ဖိအားပေးတာခံနေရတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲ က တစ်ဦးဟာ အသက် ၁၄ နှစ်ဝန်းကျင်သာရှိသေးတဲ့ ကလေးသူငယ်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ဧမာနွေလဖောင်ဒေးရှင်းက ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားခဲ့တဲ့အတွက် အဲဒီ ကာရာအိုကေဘားနဲ့ မိုတယ်တို့ကို အုပ်ချုပ်ရေးအရာရှိတွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
အဲဒီကာရာအိုကေဘားပိုင်ရှင်ဟာ ဘားမှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မိန်းကလေးတွေကို ဧည့်သည်တွေ နဲ့ လိင်ဆက်ဆံဖို့ ဖိအားပေးပြီး ပြည့်တန်ဆာလုပ်ခိုင်းနေကြောင်း၊ အဲဒီလိုလုပ်ကိုင်ဖို့အတွက် မိန်းကလေးတွေ ကို ငွေကြေးတစ်စိတ်တစ်ပိုင်းလည်း ပေးထားကြောင်း ဧမာနွေလဖောင်ဒေးရှင်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဝင်ရောက်စီးနင်းပြီးနောက်မှာတော့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ မိန်းကလေးတွေကို ဖိအားပေးခဲ့တဲ့ဘားကို ငါးနှစ်ပိတ်ပင်ဖို့နဲ့ အဲဒီဘားလိုင်စင်ကို ပြန်လည်ရုပ်သိမ်းဖို့ အုပ်ချုပ်ရေးဌာနကို အမိန့်ပေးလိုက်ပါတယ်။
ဘားပိုင်ရှင်ဟာ ၎င်းရဲ့လုပ်ငန်းမှာအသက်မပြည့်သေးတဲ့လူငယ်တွေကို အလုပ်လုပ်ခွင့်ပေးမှု၊ လိုင်စင်ထဲကခွင့် ပြုထားတဲ့အချိန်အထက်ကျော်လွန်ပြီး ဘားဖွင့်မှု၊ အသက်မပြည့်သေးတဲ့လူငယ်တွေကို အရက်ရောင်းချမှုနဲ့ အရက်ကို တရားမဝင်ကြော်ငြာမှုတို့အပါအဝင် အမှုပေါင်းမျိုးစုံနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်းသိရပါတယ်။
တပြိုင်တည်းမှာပဲ ဖယောင်းပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက အရာရှိ ၄၀ ဝန်းကျင်ခဲ့ပါတဲ့အဖွဲ့တစ်ဖွဲ့ ကလည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ဖယောင်းပြည်နယ် မူအန်ခရိုင်ရှိ ကာရာအိုကေဘားတစ်ခုကို စနေနေ့ညပိုင်း က ဝင်ရောက်စီးနင်းခဲ့ရာ အသက်မပြည့်သေးတဲ့လူငယ် ၁၄၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း Thai PBS World သတင်းဌာနက ရေးသားထားပါတယ်။
Ref: Over 140 youths found in raid on Phayao karaoke bar
#PeopleMedia