ပြည်ကြီးတံခွန်မြို့တွင် အိမ်ငှားနေထိုင်သူများမှ အိမ်ရှင်၏ ကလေးငယ်ကို ပြန်ပေးဆွဲပြီး သိန်း ၅၀၀ ဖြင့် လာရွေးရန် ခြိမ်းခြောက်သူ (၃) ဦးကို ဖမ်းဆီးရမိ
PUBLISHED - January 23, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဂ/ရပ်ကွက်၊ ဠ/၈လမ်းရှိ နေအိမ် တစ်လုံးတွင် အိမ်ငှားနေထိုင်သူများမှ ထိုနေအိမ်ရှင်၏ကလေးငယ်ကို ပြန်ပေးဆွဲပြီး သိန်း ၅၀၀ ဖြင့် လာ ရွေးရန်ခြိမ်းခြောက်သူ (၃) ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဇန်နဝါရီလ ၂၂ ရက် နေ့လည် ၂:၃၀ အချိန်တွင် အိမ်ရှင်ဖြစ်သူမှ အိမ်ငှားနေထိုင်သူများကို (၂) လပြည့် သောကြောင့် ဆက်လက်နေထိုင်ခွင့်မပြုဘဲ တစ်ခြားနေရာသို့ပြောင်းရွှေ့ပေးရန် ၎င်းတို့ကိုသတ်မှတ် အချိန် ပေးပြီးနောက် ၎င်းတို့ (၃) ဦးမှ ထိုနံနက်ခင်းအချိန်တွင် အိမ်ရှင်၏သမီးဖြစ်သူ အသက် (၄) နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲသွားကြောင်း မိသားစုဝင်တစ်ဦးမှ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသည်။
ထိုပြန်ပေးဆွဲသူ (၃) ဦးမှ ကလေးကို သိန်း (၅၀၀) ဖြင့် အမရပူရမြို့၊ ဆောက်လုပ်ဆဲကျောက်စိမ်းဥယျာဉ် တိုက်တန်းတွင် လာရွေးရန် နေအိမ်ရှင်၏ ဖုန်းထဲသို့ message ပို့ခဲ့ရာ လာရောက်မရွေးပါက ကလေးငယ်အား သတ်ပစ်မည်ဖြစ်ကြောင်း၊ ထိုနေရာသို့ မိသားစုဝင်များ၊ ထိုဆောက်လုပ်ဆဲတိုက်ရှိ ဆောက်လုပ်ရေးဝန်ထမ်း လုံခြုံရေးအဖွဲ့နှင့်အနီးပတ်ဝန်းကျင် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး တို့ကို မြစ်ငယ်ရဲစခန်းမှူးနှင့် အဖွဲ့သို့အပ်နှံလိုက်ကြောင်း၊ ပြန်ပေးဆွဲခံရသည့် ကလေးငယ်ကို မိသားစုဝင်များမှ အသက်အန္တရာယ်ကင်းစွာ ပြန်လည်ရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia