ပြည်တွင်းစစ်ဒဏ်က ရှောင်ရှားဖို့ ကြွယ်ဝချမ်းသာတဲ့ မြန်မာနို်င်ငံသားများ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေအများအပြား ဝယ်ယူနေ
PUBLISHED - March 5, 2024
နိုင်ငံတကာ၊ မတ် ၅
မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲမှာ နွံနစ်နေတဲ့အတွက် ခိုလှုံရာနေရာရရှိဖို့အတါက် ငွေကြေးကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံသားအများအပြားဟာ ထိုင်းနိုင်ငံထဲမှာ အိမ်ခြံမြေ အများအပြားဝယ်ယူနေကြကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ အိမ်ရာဝယ်ယူမှုဟာ သိသိသာသာမြင့်တက်လာနေကြောင်း အစိုးရအိမ်ရာဘဏ် တိုင် တန်းမှု စစ်ဆေးရေးအရာရှိနဲ့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိဖြစ်သူ ဝီချိုင်းဝီရတ်ကာပန်က ပြောပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ တတိယနိုင်ငံတစ်ခုခုမှာ ခိုလှုံဖို့ မကြိုးစားမီ မြန်မာလူမျိုးအများအပြားအတွက် ကြားစခန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနေတဲ့ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကလည်း ရင်းနှီးမြှုပ်နှံမှုကောင်း တွေ ပေးစွမ်းနိုင်တဲ့ ဈေးကွက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအများစုဟာ ပိုမိုကြီးမားတဲ့အဆင့်မြင့်အိမ်ခန်း အထူးသဖြင့် ၅၀ စတုရန်းမီတာအကျယ်အဝန်း အထက်ရှိတဲ့ အခန်းမျိုးကို ပိုမိုနှစ်သက်တယ်လို့ ဝီချိုင်းက ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်ကစပြီး ထိုင်းနိုင်ငံမှာ မြန်မာတွေ အိမ်ခန်းဝယ်ယူတာ မြင့်တက်လာပါတယ်။ အထူးသ ဖြင့် ကွန်ဒိုမီနီယမ်တွေဝယ်တာများတယ်။ ၂၀၂၁ ခုနှစ်တုန်းက မြန်မာဟာ ထိုင်းနိုင်ငံထဲမှာ အိမ်ခန်းဝယ်ယူသူ တွေထဲမှာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မပါပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ မတည်ငြိမ်တော့ အဲဒီအခြေအနေ တွေ ပြောင်းလဲသွားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ဝယ်ယူခဲ့တဲ့ တိုက်ခန်းအရေအတွက်က ၅၆၄ ခန်းဖြစ် ပြီး ဘတ်ငွေ ၃.၇၁ ဘီလျံတန်ကြေးရှိပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာတွေဝယ်ယူတဲ့တိုက်ခန်းအရေအတွက်ဟာ ၃၀ ဝန်းကျင်သာရှိပြီး ၂၀၂၂ ခုနှစ်မှာ တိုက် ခန်း ၃၄၉ ခန်းဝယ်ယူခဲ့ရာကနေ ၂၀၂၃ ခုနှစ်အတွင်း အခုလို သိသိသာသာမြင့်တက်သွားတာဖြစ်ပါတယ်။
အဲဒီတိုက်ခန်းဝယ်ယူမှုတွေထဲမှာ တချို့မိသားစုတွေက ၎င်းတို့ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ ပညာသင်ကြား ဖို့အတွက် ဝယ်ယူထားတာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေ နောက်ထပ် ထိုင်း နိုင်ငံထဲမှာ ဝင်ရောက်ခိုလှုံဖို့ ကြိုးပမ်းလာနိုင်ဖွယ်ရှိပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက ထိုင်းနိုင်ငံထဲမှာ အိမ်ရာဝယ်ယူမှုမှာ တရုတ်နဲ့ ရုရှားကို ကျော်လွန်သွားပြီး မြန်မာနိုင်ငံ သားတွေက တတိယနေရာကို ရယူခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေဝယ်ယူတဲ့ တိုက်ခန်းတန်ဖိုးဟာ တရုတ်နဲ့ ရုရှားနိုင်ငံသားတွေ ဝယ်ယူတဲ့ တိုက် ခန်းတန်ဖိုးထက် ဈေးနှုန်းပိုမိုမြင့်မားပြီး ပျှမ်းမျှ ဘတ်ငွေ ၆.၅ သန်း ဝန်းကျင်တန်ဖိုးရှိတဲ့ တိုက်ခန်းမျိုးတွေကို ဝယ်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။
ဘန်ကောက်၊ ဖူးခက်နဲ့ ချင်းမိုင်ဟာ မြန်မာနိုင်ငံသားတွေ အဓိကနှစ်သက်ပြီး ဝယ်လိုအားကောင်းတဲ့နေရာတွေ ဖြစ်ကြောင်း Colliers Thailand ကုမ္ပဏီရဲ့ ဒုတိယအထွေထွေမန်နေဂျာနဲ့ စီမံချက်ဖွံ့ဖြိုးတိုးတက်ရေးအကြံပေး အရာရှိ ကာလိုပိုဘရီက ပြောပါတယ်။
ဘန်ကောက်မှာတော့ မြန်မာနိုင်ငံသားတွေဟာ ဆေးရုံ၊ နိုင်ငံတကာကျောင်း၊ ဈေးဝယ်စင်တာ၊ ဟိုတယ်တွေနဲ့ နီးတဲ့ ဆပ်ခ်ဟမ်ဗစ်၊ ဖရုမ်ဖောင်နဲ့ အဆုတ် နယ်မြေတွေက ဘတ်ငွေ ၁၀ သန်းကနေ သန်း ၂၀ ဝန်းကျင်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို စိတ်ဝင်စားကြပါတယ်။
ဖူးခက်မှာတော့ ဘတ်ငွေ သန်း ၄၀ နဲ့အထက် တန်ကြေးရှိတဲ့ ရေကူးကန်ပါတဲ့ အိမ်ကြီးရခိုင်တွေကို ဝယ်ယူ လေ့ရှိတယ်လို့ ဆိုပါတယ်။ ချင်းမိုင်မှာတော့ ဘတ်ငွေ သန်း ၂၀ ကနေ သန်း ၃၀ ကြားတန်ကြေးရှိတဲ့ လုံးချင်း အိမ်တွေကို လာရောက် ဝယ်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။
Ref: Wealthy Myanmar citizens buy Thai property to seek refuge from civil war
#PeopleMedia