ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်လိုလားကြောင်း MNDAA ထုတ်ပြန်
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2024/12/462584572_756351640029831_1025194501262486716_n-624x416.jpg)
PUBLISHED - December 4, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၄
ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်လိုလားကြောင်း MNDAA အကြမ်းဖက်အဖွဲ့မှ ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
MNDAA သည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း၊ စစ်မှတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ်ထိန်းသိမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်ထားသည်။
ယနေ့မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည်ချက်ချင်း အပစ်အခတ်ရပ်စဲပြီး လုံခြုံရေးတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်း ဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ကြားစေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်ထားသည်။
တွေ့ဆုံဆွေးနွေးရာတွင် MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက် ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်ထားသည်။
#PeopleMedia