• Follow Us on
Latest News

Home ပြည်တွင်းပြည်ပပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့် လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကိုရပ်တန့်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

ပြည်တွင်းပြည်ပပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့် လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကိုရပ်တန့်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

ပြည်တွင်းပြည်ပပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့် လူမျိုးအကျိုးကို ဖျက်ဆီး နေကြသည့်လုပ်ရပ်များကို ရပ်တန့်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ တွင် တိုက်တွန်း ပြောကြားလိုက်သည်။

 

“ဒီနေ့ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေရပါတယ်။ ဒီလိုမျိုး ပြည်တွင်းပြည်ပပယောဂတွေကြောင့် ဆင်ခြင်တွေးတောမှု ကင်းမဲ့ကာ နိုင်ငံနဲ့ လူမျိုးအကျိုးကို ဖျက်ဆီးနေကြတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီးတော့ မိမိတို့တိုင်းရင်းသား မျိုးနွယ်စုအားလုံးနဲ့ ဗလငါးတန်ပြည့်ဝတဲ့ လူငယ်တွေ အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြဖို့ တိုက်တွန်းမှာကြား လိုတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပဓာနကျသော နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားများအားလုံးက အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောသည်။

 

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post