• Follow Us on

Home ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၉၂ ဦးကို ဖန်တီးပေးနိုင်မည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခုကို ခွင့်ပြု

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၉၂ ဦးကို ဖန်တီးပေးနိုင်မည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခုကို ခွင့်ပြု

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခု ကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၄၈,၈၆၄.၉၅၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၉၂ ဦး ကို ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့ဖြစ်ပြီး၊ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈.၅၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၂၄.၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၄၁ ရာ ခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post