ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉၄) ဦးအတွက် ဖန်တီးပေးနိုင်မည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု ခွင့်ပြု
PUBLISHED - February 23, 2024
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ (၂၁) ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀% ပြည်တွင်း၌ ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာငွေကျပ် ၉၁၅၁ ဒဿမ ၈၀၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၇၀၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉၄) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၈)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံး ဖြတ်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြသည်။
#PeopleMedia