ပြည်တွင်း၌ ဆေးဝါးများလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ ဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေးကြိုးပမ်းလျက်ရှိဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - August 15, 2023
နေပြည်တော်၊ သြဂုတ် ၁၅
ပြည်တွင်း၌ ဆေးဝါးများ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ ဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲ ခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆေးကုသမှုနှင့်ပတ်သက်၍ နှစ်စဉ်သုတေသနလုပ်ငန်းများနှင့် ညီလာခံများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးကုသမှုများအပေါ်မူတည်၍ ဆေးဝါးများ၏ အရည်အသွေး များမှာလည်း ပြောင်းလဲလာကြောင်း၊ ဆေးဝါးများ၏အရည်အသွေး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါ က အာနိသင်တန်ဖိုးများမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းမှာ အခြား နိုင်ငံများထက်နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းများကိုဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အစွမ်းထက် သည့် ဆေးဝါးများကို အသုံးပြုနိုင် ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစွမ်းထက်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည် တွင်း၌ ဆေးဝါးများ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ ဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများအသုံးပြုသည့် ဆေးဝါးများကို ပြည်တွင်း လုံလောက်မှုရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်ဆေးဝါးစက်ရုံများ မှလည်း နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း၊ အလားတူ ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ပိုင်စက်မှုလုပ်ငန်းများသည် ပြည်သူများ၏ သက်သာ ချောင်ချိရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်း များကို ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး ပြည်သူများအတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်း များ၏ အရည်အသွေးများ ကောင်းမွန်နေရန်နှင့် ထုတ်ပိုးမှုများ လည်း ကောင်းမွန် ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည် အသွေးပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးများသည် လူ့အသက်အတွက် တန်ဖိုးဖြတ်မရသည့် အရာများ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြွေဆိပ်ဖြေဆေး အအေးခဲ ခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ကို ခလုပ်နှိပ်၍ စတင်လည်ပတ်စေခဲ့သည်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံ ဆေးဝါး စက်ရုံ(Burma Pharmaceutical Industry,BPI) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး (၄၁) မျိုးနှင့် ကပ်ရောက်ဂါကာကွယ်ဆေး (၆) မျိုးတို့ဖြင့် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia