ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှုမပြိုကွဲစေရေးတို့အတွက် မီဒီယာပိုင်းက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌပြောကြား

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေးတို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် မီဒီယာပိုင်းက ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြာလိုက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ယနေ့ကမ္ဘာ့နိုင်ငံများ၏ မျက်မှောက်အခြေအနေနှင့် မိမိတို့ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများအရ တိုင်းရင်းသားအားလုံး ချစ်ကြည်စွာ စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှု မပြိုကွဲ စေရေးတို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် မီဒီယာပိုင်းက ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးရန် အရေးကြီးသည်ကို မှာကြားလိုကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်သည် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်ကြသည့် အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်ပေါင်းထောင်ချီပြီး စုပေါင်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း ပြောသည်။
သမိုင်းကြောင်း အစဉ်အလာအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ စုပေါင်း တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့် အခြေ အနေအမျိုးမျိုး ကြုံတွေ့ခဲ့ရချိန်တိုင်းတွင် တပ်မတော်နှင့်အတူ နိုင်ငံနှင့်ပြည်သူကို ချစ်မြတ်နိုးကြသည့် မြန်မာနိုင်ငံသားအားလုံးက (We are Myanmar) ဆိုသည့် မြန်မာ စိတ်၊ တစ်သွေးတစ်သားတည်းစိတ်၊ စုစည်းညီညွတ်သည့်စိတ်၊ စည်းလုံး ညီညွတ်သည့် စိတ်၊ စိတ်ဝမ်းမကွဲပြားသော စိတ်ဓာတ်အားမာန်များနှင့် စုပေါင်းပြီး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ထိုသို့ သမိုင်းအစဉ်အလာကောင်းသည့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို မပျက် ယွင်းစေဘဲ သမိုင်းပေးတာဝန်ကို ကျေပွန်အောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်သမိုင်းကြောင်းကောင်းအောင်၊ အခြားနိုင်ငံများနည်းတူ တန်းတူဖွံ့ဖြိုး တိုးတက်လာအောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် စည်းလုံး ညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်နှင့် အတူတကွ လက်တွဲအကောင်အထည်ဖော်ကြရန် လိုကြောင်း ပြောသည်။
ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများအတွင်း အချင်းချင်း သံသယ ဝင်အောင်၊ သွေးကွဲအောင်၊ မုန်းတီးမှုများဖြစ်လာအောင် သွေးခွဲရန်တိုက်မှုများ၊ မြှောက်ပင့်သွေးထိုးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပက စွက်ဖက်မှုမျိုးစုံနှင့် ပြုလုပ်နေကြသည်မှာ အထူးသဖြင့် ပြည်ဖျက်မီဒီယာများက သတင်းတု သတင်းမှားများနှင့် ကောလာဟလများကို မဟုတ်မမှန် ထုတ်ဖော် ပြသခြင်း၊ သတင်းမှားများ တင်ဆက်ခြင်းများကလည်း မိမိတို့ နိုင်ငံအတွက် အလွန် အင်မတန်မှ ကြီးမားသည့် အန္တရာယ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပါအဝင် ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီး အနေဖြင့် နိုင်ငံတော် မီဒီယာဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာတည့်တံ့ခိုင်မြဲအောင်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် အထူးမှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia