• Follow Us on
Latest News

Home ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ၌ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် တပ်မတော်နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပြည်သူနှင့်အတူလက်တွဲပြီး ဆောင်ရွက်ရန် အလေးထားမှာကြားလိုကြောင်း ပြောသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှုရယူဆောင် ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices-BLOs) ကွန်ရက်စနစ်တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ အပြန်အလှန်မျှဝေဖလှယ်နိုင် ရေးအတွက် BLO အစည်းအဝေးများကိုလည်း အခါအားလျော်စွာစဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ် မှုရှိစေရေးဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှုမရှိအောင် ကြိုတင်ကာ ကွယ်ရေး၊ ပြစ်မှုကျူးလွန်ပါကလည်း တရားခံများကို ချက်ချင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို တရားဥပဒေနှင့်အညီ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ္စာ၊ သမာဓိ၊ သတ္တိဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူကအထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရသည့် စွမ်းရည်ရှိသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောသည်။

 

#PeopleMedia


Share this post