ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန် ၅ ပါတီကို စိစစ်ဆောက်ရွက်ဆဲဖြစ်ကြောင်း UEC ပြောဆို

PUBLISHED - August 10, 2023
နေပြည်တော်၊ သြဂုတ် ၁၀
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်၍ ကျန် ၅ ပါတီ ကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများဆောင်ရွက်ဆဲဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ အသစ်ပြဋ္ဌာန်းထုတ်ပြန်ပြီးနောက် ဥပဒေပုဒ်မ ၂၅ အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသည့် ပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိပြီး ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၅ ပါတီဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် ၃၅ ပါတီထဲမှ နောက်ဆုံးခွင့်ပြုပေးထားသည့်ပါတီမှာ “ဝ” အမျိုးသားပါတီ (WA NATIONAL PARTY) ဖြစ်ပြီး အဆိုပါ ပါတီကို ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။
#Newvisionmedia