ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်ဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - August 9, 2023
နေပြည်တော်၊ ဩဂုတ် ၉
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန များမှ တာဝန်ရှိသူများအား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားများအားလုံး စုစည်းနေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍ မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပြည်သူအများ ဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့်အချက်များကို ပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘော တူညီထားပြီဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကိုဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုကြောင်း၊ အခြေခံကောင်းအောင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည်သာ ခိုင်မာမှုရှိသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကောင်း အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ဖြစ် သင့်ဖြစ်ထိုက်သည်များနှင့် ဖြစ်နိုင်သည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ပြောသည်။
ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ NCA မှာပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘော တူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိကဝတ်ပေးထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို နိုင်ငံတကာမှ အသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သဖြင့် မျက်ကွယ်ပြု၍ ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း၊ မိမိတို့အနေဖြင့် NCA အပေါ်တွင် အလေးထား၍ ထိန်း သိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA သဘောတူညီ ချက်အတိုင်း အလေးထားလုပ်ဆောင်ပြီး ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော ကြားခဲ့သည်။
#PeopleMedia