ပြည်နယ်ဝန်ကြီးချုပ် အစီအစဉ်ဖြင့် မြစ်ကြီးနား-ပူတာအို ကုန်စည်ကား ၁၄ စီး စတင်သွားလာခွင့်ရ
PUBLISHED - June 10, 2024
မြစ်ကြီးနား၊ ဇွန် ၁၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် အစီအစဉ်ဖြင့် မြစ်ကြီးနား- ပူတာအိုသို့ ကုန်စည်ကား ၁၄ စီး စတင်သွားလာခွင့် ရရှိခဲ့ကြောင်း ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးသင်းမှ သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ပေါင်းစပ်ညှိုနှိုင်းပေးမှုကြောင့် ယမန်နေ့ကစ၍ မြစ်ကြီးနားမှ ပူတာအိုသို့ ကုန်စည်ကားများ သွားလာခွင့် ရရှိခဲ့ရာ ကုန်စည်ကား ၁၄ စီးအနက် ၁၁ စီးသာ ပူတာအိုသို့ ထွက်ခွာခဲ့ကြောင်း ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ကျွန်တော်တို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အခုဆို မြစ်ကြီးနား – ပူတာအို ကားလမ်း ပြန် သွားလာခွင့်ရခဲ့တာ ဟုတ်တယ်။ ကုန်စည်ကားကြီးနဲ့ လိုင်းဆွဲကား အစုံ ၁၄ စီး ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် ကားကြီး ၃ စီး ပျက်သွားလို့ ၁၁ စီးပဲ ပူတာအိုကို ထွက်သွားပြီ ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းကနေစ၍ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့၍ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နှစ်ဖက် အဖွဲ့အစည်း စစ်ရေးပြင်းထန်ခဲ့၍ မြစ်ကြီးနား-ပူတာအို အတက်အဆင်း ပြုလုပ်သည့် ကားများအားလုံး ရပ်နားခဲ့ရသည်မှ သုံးလနီးပါး ကြာမြင့်ခဲ့ကြောင်းသိရသည်။
ယင်းကားလမ်းပိုင်းများကို ၃ လ နီးပါးကြာ သွားလာခွင့် ပိတ်ပင်ထားခဲ့၍ ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်မှုများရှိခဲ့သည့်အပြင် အခြေခံစားသောက်ကုန် ပြတ်လပ်မှုများ ရှိနေပြီး၊ စက်သုံးဆီများမှာလည်းအလားတူ ပြတ်လပ်နေကြောင်း သိရသည်။
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းအား ယာယီပြန်လည်ဖွင့်လှစ်ပေးသော်လည်း စက်သုံးဆီ သယ်ယူပို့ ဆောင်ခြင်းများကို ဆက်လက်တားမြစ်ထားကြောင်းသိရပြီး၊ အဆိုပါ လမ်းပိုင်းအား မည်သည့် အဖွဲ့အစည်းက ဘယ်နေ့ပြန်လည်ပိတ်မည်ကို အတိကျမပြောနိုင်ကြောင်း ကုန်စည်ပို့ဆောင်ရေး ကားဆရာများထံမှ သိရသည်။
မြတ်မင်း
#PeopleMedia