ပြည်ပမှတစ်နှစ်လျှင် စားအုန်းဆီတန်ချိန်ခြောက်သိန်းတင်သွင်းနေရသဖြင့်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ပြည်တွင်း ထုတ်လုပ်မှုမှ လုံလောက်စေရန်ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ပြောကြား
PUBLISHED - April 8, 2024
နေပြည်တော်၊ ဧပြီ ၈
ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန်ခြောက်သိန်း ခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်၌ ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်း လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်ရမည့်အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက်၊ နယ်မြေဒေသအလိုက် တိုးတက်စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန်ခြောက်သိန်းခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာ နှစ်၌ ပြည်တွင်းစားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီထုတ် ပဲပုပ်စသည့်ဆီထွက်သီးနှံများကို ရေမြေ၊ ရာသီဥတုအခြေအနေပေးသည့်ဒေသများတွင် အထူးဇုန် (၇) ခု သတ်မှတ်ပြီး အထူးအရာရှိများ တာဝန် ပေးအပ်၍ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများတွင်လည်း ယခင်နှစ်ပျမ်း မျှအထွက်နှုန်းထက် မလျော့ကျစေရန် တိုက်တွန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲမည့်ပမာဏ လျာထားမှု များအပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန်၊ ဆီထွက်သီးနှံများ လုံးဆန်အဖြစ် Export ဆောင်ရွက်မှု၊ စက်မှုကုန်ထုတ် လုပ်ငန်းသုံးရန် စားအုန်းဆီလိုအပ်ချက်အရ ပြည်တွင်းထုတ်လုပ်မှုပမာဏအပေါ်မူတည်၍ အမှန်တင်သွင်းရ မည့် ပမာဏ၊ ရောနှောဆီအတွက် တင်သွင်းရန် စားအုန်းဆီပမာဏ၊ ပြည်တွင်းဆီကြိတ်ခွဲနိုင်ရန် လုံလောက် သည့်ပမာဏကို ဆီစက်များသို့မရောက်မီ ပြည်ပတင်ပို့ခွင့်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
#PeopleMedia