ပြည်ပရောက်မြန်မာနိုင်ငံသားများ ဝင်ငွေ ၂၅% မြန်မာနိုင်ငံကို ပြန်ပို့ရမယ်လို့ နစက အမိန့်ထုတ်
PUBLISHED - September 14, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄
ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ၎င်းတို့ရဲ့ဝင်ငွေ ၂၅% ကို မြန်မာနိုင်ငံဘဏ်စနစ်ကတစ်ဆင့် နိုင်ငံ တွင်းကို ပြန်လည်ပို့ဆောင်ရမယ်လို့ မြန်မာ နစက အစိုးရက အမိန့်ထုတ်လိုက်ကြောင်း ဒေသတွင်းသတင်းတွေ ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းဌာနက ရေးသားထားပါတယ်။
အဝေးရောက်လုပ်သားတွေ ပြန်ပို့တဲ့ငွေကို နိုင်ငံရဲ့တရားဝင်ငွေလဲလှယ်နှုန်းနဲ့ လဲလှယ်ပြီး ကျပ်ငွေအဖြစ်ပြန် လည်သတ်မှတ်ပေးမှာဖြစ်တယ်လို့ဆိုပေမဲ့ အစိုးရတရားဝင်လဲလှယ်နှုန်းဟာ ပြင်ပလဲလှယ်နှုန်းထက် ၄၀% လျော့နည်းနေတယ်လို့ ဧရာဝတီသတင်းဌာနက ပြောပါတယ်။
အကျိုးသက်ရောက်မှုအဖြစ် အစိုးရနဲ့ဆက်နွယ်နေတဲ့ ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေဟာ ရန်ပုံငွေရင်းမြစ်တွေ ကို ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိမှာဖြစ်ပြီး နစက အစိုးရအနေနဲ့ အားနည်းနေတဲ့ ဘဏ္ဍာရေးအပိုင်းကို ထောက်ပံ့ ရာမှာ အဲဒီငွေကြေးတွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒီဂယက်ရိုက်ခတ်မှုတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်းဝန်းကျင်နဲ့ ပြည်တွင်းမှာရှိတဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေအတွက် အရေးပါတဲ့ရိုက်ခတ်မှုတွေဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတစ်ခုခုမှာ အလုပ်ထွက်လုပ်မယ့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စက်တင်ဘာ လ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံဗဟိုဘဏ်ကထိန်းချုပ်ထားတဲ့ဘဏ်တစ်ခုခုမှာ အကောင့်ဖွင့်ပြီး ၎င်းတို့ရဲ့ ဝင် ငွေထဲက ၂၅% ပြန်ပို့ရမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ၎င်းတို့လစာရဲ့လေးပုံတစ်ပုံကို လစဉ်ဖြစ်စေ သုံးလတစ်ကြိမ်ဖြစ်စေ တရားဝင်လမ်းကြောင်းကတစ်ဆင့် မြန်မာနို်င်ငံကို ပြန်ပို့ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့အကြီးဆုံးပုဂ္ဂလိကဘဏ် တွေထဲကတစ်ခုဖြစ်တဲ့ CB ဘဏ်က ပြည်ပနိုင်ငံရောက်ရှိပြီးဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြင်ကပငွေကြေးဈေးကွက်မှာ ၁ ဘတ် ကို ၁၀၀ ကျပ် ဝန်းကျင်ပေါက်နေပေမဲ့ အစိုးရရဲ့ တရားဝင်ငွေလဲ လှယ်တဲ့နေရာမှာတော့ ၁ ဘတ်ကို ၅၆ ကျပ်ပဲ သတ်မှတ်ပေးထားကြောင်း ဧရာဝတီက ပြောပါတယ်။
တစ်လကို ဘတ်ငွေ ၂၀,၀၀၀ ရှာဖွေနိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးဟာ တရားဝင်ဘဏ်စနစ်ကတစ်ဆင့် ဘတ်ငွေ ၅,၀၀၀ ကို ပြန်ပို့ရမှာဖြစ်ပါတယ်။
ပြင်ပငွေလဲလှယ်သူတွေက ဘတ်ငွေ ၅,၀၀၀ အတွက် မြန်မာငွေ ၅၀၀,၀၀၀ ကျပ်နီးပါး ထုတ်ပေးမှာဖြစ်ပေမဲ့ အဲဒီ ဘတ်ငွေ ၅,၀၀၀ ကို လက်ခံရရှိတဲ့ဘဏ်ကတော့ မြန်မာငွေ ၂၈၀,၀၀၀ ကျပ်သာ ပြန်လည်ထုတ်ပေး မှာဖြစ်ပါတယ်။
ပြည်ပနိုင်ငံကိုရောက်ရှိနေပြီး အခုထုတ်ပြန်လိုက်တဲ့စည်းမျဉ်းသစ်ကို မလိုက်နာတဲ့သူကို လက်ရှိအလုပ်လုပ်ခွင့် ပါမစ်သက်တမ်းကုန်ဆုံးသွားတဲ့အချိန်မှာ နိုင်ငံခြားအလုပ်ထွက်လုပ်ခွင့် သုံးနှစ်ပိတ်ပင်သွားမှာဖြစ်ကြောင်း ကြေ ညာချက်ထဲမှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေကို ပြန်လည် ပြင်ဆင်ဖို့နဲ့ မြန်မာဘဏ်စနစ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ငွေရဲ့ ၂၅% ပြန်ပို့ဖို့ တာဝန်ရှိတယ်ဆိုတာကို အဲဒီစာချုပ်တွေမှာ ထည့်သွင်းဖော်ပြထားဖို့ အကြံပေးထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားတဲ့ တရားဝင်ဘဏ်လမ်းကြောင်းကဖြစ်စေ ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေကဖြစ်စေ ပြည်တွင်းကို သတ်မှတ်ငွေကြေးပြန်လည်ပို့ ဆောင်ထားတဲ့ ပြည်ပရောက် လုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါဖြစ်စေ မြေရာအိုးအိမ်ဝယ်ယူတဲ့အခါဖြစ်စေ အခွန် ကင်းလွတ်ခွင့်ရရှိမှာဖြစ်ကြောင်း မြန်မာအစိုးရက ကမ်းလှမ်းထားပါတယ်။
Ref: Myanmar junta orders all workers abroad to remit 25%: Bangkok Post
#PeopleMedia