ပြည်ပသို့ ထွက်ခွါလိုသူများသည် ကြားပွဲစားများ အကူအညီဖြင့် UID (စမတ်ကတ်) နံပါတ်အတုများ ကိုင် ဆောင်ပါက အရေးယူမည်ဟု လဝက ထုတ်ပြန် ……………………………………
PUBLISHED - May 14, 2024
နေပြည်တော်၊ မေ ၁၄
ပြည်ပသို့ ထွက်ခွာသူလိုများသည် UID နံပါတ်အား သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် လူကိုယ်တိုင် သွားရောက်ကာ ကြိုတင်ထုတ်ယူ ရမည်ဖြစ်ပြီး ကြားပွဲစားများဖြင့် UID နံပါတ်အတုများ ကိုင်ဆောင် အသုံး ပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ်ရှိ လဝကရုံးများ၌ UID နံပါတ် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲ များရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် eIDDept မှတစ်ဆင့်ဆက်သွယ်တိုင်ကြားရန်လည်း အသိပေး ကြေညာထားသည်။
UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြု ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက် အလက်များအပေါ် မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် (၁၀) ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကာယ ကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
လဝက အနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးအတွက် အီလက်ထရောနစ် နည်းပညာ အသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦး ချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက် အလက်များ ကောက်ယူကာ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။
UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝက မြိုနယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်း ဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် UID နံပါတ် ရရှိရေး အတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (Passport) ရုံး များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လက်ရှိတွင်လည်း ပြည်ပထွက်ခွာလိုသည့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သည့် လဝက မြိုနယ်ရုံးများ၌ UID နံပါတ် ဆောင်ရွက်ထုတ်ယူခဲ့ခြင်းမရှိဘဲ နယ်စပ်ဒေသများရှိ UID လုပ်ငန်း ဆောင်ရွက်သည့်နေရာများ၌သာ UID နံပါတ်ရရှိရေးအတွက် အရေးတကြီး ပြုလုပ်ဆောင်ရွက်လျက် ရှိကြသဖြင့် ယင်းနေရာ၌သာ လူစုလူဝေးများဖြစ်ပေါ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအချိန် နှောင့်နှေး ကြန့်ကြာ ခြင်းများ ဖြစ်ပေါ်လျက်ရှိနေခြင်းကြောင့် သက်ဆိုင်ရာ လဝကရုံးများ၌သာ ကြိုတင်ထုတ်ယူရန် အသိပေး ထုတ်ပြန်ထားသည်။
#PeopleMedia