ပြည်သူပါသည့်လုံခြုံရေးစနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - August 26, 2024
နေပြည်တော်၊ ဩဂုတ် ၂၆
ပြည်သူပါသည့် လုံခြုံရေးစနစ်ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များတည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန်စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များသည် နိုင်ငံရေးကိုအခြေခံ၍ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့်နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့်ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအား မူလအခြေအနေအတိုင်းပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ် နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူပါသည့် လုံခြုံရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများပါဝင်ပါက တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia