• Follow Us on

Home ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့်ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌တွေ့ဆုံစဉ် ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မကြာမီကာလက လွိုင်ကော်ဒေသအတွင်း KNDF အဖွဲ့နှင့် PDF အမည်ခံကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်းသည် ကယားပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်သဖြင့် ဆိုးရွားသည့် လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း၊ ထိုသို့အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရရင့်ကျက်မှုမရှိခြင်းပင်ဖြစ်ကြောင်း ပြောသည်။

 

“ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကိုဖျက်ဆီးနေတဲ့ ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေ လျော့ပါးစေဖို့အတွက် ပြည်သူများအနေနဲ့ သူတို့ သက်ဆိုးရှည်စေမယ့် ကိစ္စရပ်တွေကို ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုပါတယ်။ အကြမ်းဖက် သောင်းကျန်းသူတွေ အနေနဲ့ မြို့ရွာများရှိ ပြည်သူလူထုများရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်ပြီး အကာအကွယ်ယူတိုက်ခိုက်ကြတာဖြစ်ပါတယ်။ သူတို့ယာယီအားဖြင့် ထိန်းသိမ်းထားတဲ့ မြို့ရွာတွေ၊ နေရာဒေသတွေမှာလည်း ပြည်သူလူထုကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ သတိတရား၊ အသိတရားတွေနဲ့ ရှောင်ရှားမယ်ဆိုရင် သောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းတွေကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက် အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေး၍ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကတည်ဆောက်ပေးသကဲ့သို့ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသကို မိမိတို့၏အသိစိတ်ဓာတ်ဖြင့် ကိုယ်စီထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပြည်နယ်ယဉ်ကျေးမှုပြတိုက်ရှိပစ္စည်းများကိုယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများဆောင်ရွက်သွား သည်ဟုသိရကြောင်း၊ ဖြစ်ပေါ်နေသည့်အခြေအနေများကို သင်ခန်းစာယူ၍ ပုံမှန်အခြေအနေအတိုင်း ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post