ပြည်သူများအပေါ်တွင် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် ဒုချုပ် တိုက်တွန်း
PUBLISHED - May 14, 2024
ရန်ကုန်၊ မေ ၁၄
လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိစေရန် လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိရန် လိုအပ်ပြီး ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မ ငွေကြေး ကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ စိုးဝင်းမှ တိုက်တွန်းပြော ကြားသည်။
ယမန်နေ့ နံနက်ပိုင်းက န-စ-က ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်ပြီး အမှာ စကားပြောကြားရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပြည်သူ့စစ်မှုထမ်းမှုနှင့် ပတ်သက်၍ ဥပဒေများ ထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးလိုသည့် ပြည်ဖျက်မီဒီယာအချို့က ပြည်သူ့များ စိုးရိမ်ထိတ် လန့်မှု ဖြစ်စေရန် မဟုတ်မမှန် ကောလဟာလ သတင်းများ ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရပြီး မိမိတို့ အနေဖြင့် သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း ဒုချုပ်မှ ထပ်မံပြောကြားခဲ့သည်။
ယင်းနောက်တွင် ပညာရေးနှင့်ပတ်သက်၍လည်း မကြာမီ တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်အပ်ကြောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်မပြတ် တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေး အားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍ စနစ်တကျ စီမံဆောင်ရွက်သွား ကြရန် လိုကြောင်း ဒုချုပ်မှ ပြောကြားခဲ့သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အထောက်အကူဖြစ်စေရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာ မရပ်တည်ဘဲ မိမိ တိုင်းဒေသကြီး၏ ရှာဖွေရရှိသည့် ဘတ်ဂျက်ဖြင့် ရပ်တည်နိုင်သည့်အထိ အဆင့်လိုက် အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် စီးပွားရေးဇုန်များ အလိုက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လစ်ဟင်းမှု မရှိစေရေး ရေ၊ မီး၊ အလုပ်သမားစသည့် ကိစ္စရပ်များကိုလည်း ချမှတ်ထား သည့် မူဘောင်အတွင်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ရန်လိုကြောင်း ဒုချုပ်မှ ပြောကြားခဲ့သည်။
#PeopleMedia