ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ ရန်ကုန်မြို့မှ ထွက်ခွာ

PUBLISHED - January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများမှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့သည် ယမန်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြု စစ်သည်များနှင့်သူနာပြုရဲမေများလိုက်ပါသွားကာ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှု ရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသ ခြင်း၊ ECG စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေး ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများဆောင်ရွက်ပေးရန် တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)ပေါ်တို့တွင် လူနာ(၃၀)ဦး အထိလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လူနာ(၂၅)ဦးအထိ လည်းကောင်း တင်ဆောင် ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များလည်း ပါရှိကြောင်း သိရသည်။
#PeopleMedia