ပြည်သူအများစုနေ့စဉ်သုံးစွဲစားသုံးနေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကိုဦးစားပေး ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌပြောကြား
PUBLISHED - July 17, 2023
နေပြည်တော်၊ ဇူလိုင် ၁၇
ပြည်တွင်း၌ ပြည်သူအများစုနေ့စဉ် သုံးစွဲစားသုံးနေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း ဖူလုံမှုကို ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်း အဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှု ဖူလုံအောင် ဆောင်ရွက်ရေး၊ ပိုလျှံအောင်ထုတ်လုပ်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များ အား အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း ၃ ပိုင်းခွဲခြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ပြည်သူ အများစုနေ့စဉ် သုံးစွဲစားသုံး နေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့် ထုတ်ကုန်များ ကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း ပြောသည်။
မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများတိုးတက်ရေးအတွက် ထုတ်ကုန်များတင်ပို့ခြင်းနှင့် မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ တင်ပို့ ရောင်းချခြင်းများရှိကြောင်း၊ မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းကိုနိုင်ငံ၏ ရေရှည် အကျိုးစီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာမိမိတို့ နိုင်ငံ၏ရေမြေ သဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါက များစွာကွာခြားလျက်ရှိနေသေးကြောင်း၊ ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့် စိုက်ပျိုးခြင်းဆိုသည့် အချက် ၂ ချက်ကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး စိုက်ပျိုး သီးနှံအလိုက် လိုအပ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့် သဘာဝ မြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြု ပြင်မှုများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်း စနစ်မှန်ကန်ရေး တို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေအားလုံး သီးထပ်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ခြင်း၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းတိုးတက်ခြင်း၊ ပြည်တွင်းဖူလုံမှုရှိခြင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်း တို့ကိုဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ် ကြောင်း ပြောသည်။
မွေးမြူရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ ဥ၊ နို့များနှင့် စားသောက် ကုန်များ နေ့စဉ်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံ လုံးဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက်နေရန်လိုကြောင်း၊ အသား၊ ငါးများ ထုတ် လုပ်မှုနှင့်စားသုံးမှု ညီညွတ်မျှတမည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူခြင်း များထက် စနစ်တကျဖြင့် မွေးမြူဆောင်ရွက် မည်ဆိုပါက ထုတ်လုပ်မှုများ တိုးတက် လာမည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင် ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်မည်၊ ပြည် တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ် ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ အတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား သည်။
#PeopleMedia