ပြည်သူ့စစ်မှုထမ်းများကို မိမိတို့တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကပြောကြား
PUBLISHED - June 12, 2024
နေပြည်တော်၊ ဇွန် ၁၂
ပြည်သူ့စစ်မှုထမ်းများကို မိမိတို့တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် သင်တန်းတက်ရောက်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ယခုလိုလာရောက်တွေ့ဆုံရသည့် အကြောင်းရင်းသည် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မည့် စစ်သည်များကို ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပြော ကြားရင်း အားပေးစကားပြောကြားလိုခြင်း၊ သင်တန်းကာလတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ပတ် သက်၍ ဖြေရှင်းဆောင်ရွက်ပေးလိုခြင်းတို့ကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများကို မိမိတို့တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအဖြစ်ပြဋ္ဌာန်းခဲ့ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာတည်စေခဲ့သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ကြောင်း ပြောသည်။
အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဗဟိုအဖွဲ့ဖွဲ့စည်းပြီး ဗဟိုအဖွဲ့မှ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်းပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းတာဝန်များကို စနစ်တကျ စီမံချက်ချပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၈၆တွင်လည်း “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ဖော်ပြထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက ယခု သင်တန်းများတွင် တက်ရောက်နေသူများသည် ကိုယ်တိုင်ဆန္ဒပြုသူများဖြစ်သည် ကို သိရှိရကြောင်း၊ ကိုယ်တိုင်ဆန္ဒပြု၍ ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ယူပါ ကြောင်း၊ တပ်မတော်သားတစ်ယောက်ဖြစ်လာပါက ပေးအပ်သည့် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန်လေးချက်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်ဟုပင် အဓိဋ္ဌာန်ပြုထားပါကြောင်း၊ စစ်သင်တန်းဖြစ်သဖြင့် စနစ်တကျဖြင့် စည်းနှင့် ကမ်းနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နိုးကြား ဖြတ်လတ်၍ တက်ကြွရန်လိုအပ်ပါကြောင်း၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန်နှင့် ဇွဲသတ္တိရှိရန်လိုအပ် ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် အမြဲတမ်းပင် ရှေ့ကမားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ရဲသော် မသေသေသော်ငရဲမလားဆိုသည့် ဆောင်ပုဒ်အတိုင်း ပေးအပ်သည့်တာဝန်ကို ရဲဝံ့ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နှင့် (၂) တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။
#PeopleMedia