ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မပြည့်သူများမပါရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းပြောကြား
PUBLISHED - July 4, 2024
နေပြည်တော်၊ ဇူလိုင် ၄
ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈နှစ် မပြည့်သူများမပါရှိစေရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ အသီးသီးမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြော သည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက် Plan of Action ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံချက် အရ CTFMR နှင့် ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ တပ်မတော်နှင့် UNCTFMR ပူးပေါင်းအဖွဲ့ဖြင့် မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည် ၉ ဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ဦးကို CTFMR သို့ ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရန်နှင့် မှန်ကန်မှုမရှိပါက စာရင်းမှပယ်ဖျက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော် မတီနှင့် CTFMR တို့ သဘောတူ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အလေးထားလိုက်နာ စုဆောင်းလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီမှ CTFMR နှင့် ယခင်အတိုင်း ဆွေးနွေးမှုများအား စဉ်ဆက်မပြတ် ပူးပေါင်းဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် CTFMR နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူညီချက်အရ နည်းပညာပူးတွဲဥက္ကဋ္ဌ (Technical Co-Chairs) အဖွဲ့နှင့် အဖွဲ့ငယ်အဆင့် တွေ့ဆုံဆွေးနွေးခြင်း (Small Team Meeting) ဖြင့် နှစ်ဖက်တိုက်ဆိုင် စာရင်းရှင်းလင်း စစ်ဆေး အတည်ပြုရန်ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈နှစ် မပြည့်သူများမပါရှိစေရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့ အသီးသီးမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeopleMedia