ပြည်သူ့စစ်မှုထမ်းများအဖြစ်စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း မှာကြား
PUBLISHED - November 8, 2024
နေပြည်တော်၊ နိုဝင်ဘာ ၈
ပြည်သူ့စစ်မှုထမ်းများအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မှာကြားလိုက်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် ကာကွယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ ငွေကြေး ဆိုင်ရာ မသမာမှုများ မရှိစေရေးနှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ မိမိတို့မှ မှန်မှန်ကန်ကန် ဆောင်ရွက်နေသော်လည်း ဆန့်ကျင် ဘက်မီဒီယာများက မမှန်သတင်းများ ထုတ်လွှင့်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ယနေ့အထိ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများမှ ထုတ်လွှင့်ခဲ့သည့် သတင်း ၁၂ ပုဒ်ရှိပါကြောင်း၊ ၎င်းတို့ထုတ်လွှင့်ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများမှ False News အဖြစ် တန်ပြန်ထုတ်လွှင့်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဆန့်ကျင်ဘက်မီဒီယာများမှ ထုတ်လွှင့်သည့် သတင်း များစိစစ်ပြီး မှန်ကန်မှုမရှိပါက အချိန်နှင့်တစ်ပြေးညီ တန်ပြန်ထုတ်လွှင့်ရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်ပတ်သက်၍ စည်းကမ်းတကျ ဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောသည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဆောင်ရွက်ရာတွင် အတင်းအဓမ္မဆင့်ခေါ်ခြင်းမျိုး မဖြစ်စေရေး သတ်မှတ်ညွှန်ကြားချက်များ၊ စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် သင်တန်းအမှတ်စဉ် အလိုက် သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ပေးကြရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။
#PeopleMedia