ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်းအခြား အတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်လာစေဖို့အတွက် တည်ငြိမ်အေးချမ်းရေး ကို အလေးထားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်စေခဲ့ပါတယ်။ ဒီဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အရင်ကတည်းကပင် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါ တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ နိုင်ငံအတွက်လည်း ဝန်ထုပ် ဝန်ပိုးမဖြစ်ဖို့လိုပါတယ်။ သတ်မှတ်အသက်အပိုင်းအခြားအတွင်းက သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုပဲ တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပြီးတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာတဲ့ အခြေအနေဖြစ်အောင် ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့်နိုင်ငံတော်၏ ကာကွယ်ရေး အင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်း ဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန် နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တိုင်းပြည်၏ အားသည်ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းအားကို ဖော်ဆောင် ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင် ချက်များ များစွာပေးကြကြောင်း၊ ၎င်းအတွက် ပြည်သူများအသိပညာအားကောင်းစေရေး ပညာရေးအားကောင်း အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ် ပေးနိုင်ရေးအချိန်ပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeopleMedia