ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေး ကော်မတီဝင်တို့ကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာအဝင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေး ကော်မတီဝင်တို့ကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၃)ရက် ညနေ (၂)နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင် ဦးဝင်းကိုတို့သည် ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲသို့ သွားရောက်ခဲ့ပြီး ၎င်းတို့နေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။
ယင်းသို့ ပြန်လာရာတွင် ရွာပုလဲကျေးရွာ အဝင်ဝသို့ အရောက် PDF အဖွဲ့ဝင် (၄)ဦးမှ ဆိုင်ကယ် (၂)စီးဖြင့် လိုက်လာပြီး ဦးသန်းဌေးနှင့် ဦးဝင်းကိုတို့အား သေနတ်အတို (၂)လက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းကိုတွင် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲ-တင်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာ – တံကောက်ကွေး ဖောက်ဝင် ဒဏ်ရာ (၁)ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးသန်းဌေးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
#PeopleMedia