ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တပ်မတော်မှ အားကိုးရသည့် လက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်စေရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - April 2, 2024
နေပြည်တော်၊ ဧပြီ ၂
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက်အောင် စဉ်ဆက် မပြတ်ကြိုးပမ်း ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီး မြှင့်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များပီပီ နိုင်ငံ တော်၏ အမျိုးသားရေးမူဝါဒများကို လေးနက်စွာ ခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သားမိသား စုဝင်များနှင့် တိုင်းရင်း သား ပြည်သူတစ်ရပ်လုံးပါ နိုင်ငံချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေး ယုံကြည် ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်း ထမ်းရွက်သွားကြရန်လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလိုကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးတပ်ဖွဲ့ဝင်များ၏ ပင်ကိုယ်ပါရမီနှင့် အသီးသီးသင်ကြားတတ်မြောက်ထားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ မီဒီယာဆိုင်ရာ အတတ်ပညာရပ်များဖြင့် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစု ဝင်များ၏ ပညာရည်မြင့်မားရေး၊ တပ်တွင်းစည်းလုံး ညီညွတ်ရေး၊ ရှေ့တန်းရောက် တပ်မတော်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးတို့အတွက်လည်း သမိုင်းအဆက်ဆက်မှ ယနေ့ထက်တိုင် ကျေပွန်စွာထမ်းဆောင်နေကြသည်ကို တွေ့မြင်နေရဆဲဖြစ်ကြောင်း ပြောသည်။
အနုသုခုမနှင့်သာမက တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းများ အသီးသီးကလည်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ မကြာ ခင် စစ်မှုထမ်းကြတော့မည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း တိုင်းချစ်ပြည် ချစ်စိတ်၊ နိုင်ငံတော်ကာကွယ်လိုစိတ် ထာဝရကိန်းအောင်းသွားစေရေး ဆောင်ရွက်သွားရန် လိုသကဲ့သို့ နောင်တာဝန်ထမ်းဆောင်ကြမယ့် မျိုးဆက်သစ်နိုင်ငံသားများကိုလည်း နိုင်ငံတော်အတွက်တာဝန်ထမ်း ဆောင်ကြမည်ဟူသည့် ခံယူချက်မျိုးဖြစ်လာရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်မှ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးမဆို ကာကွယ်နေ ချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံး တပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အမျိုးသား ရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမည့်ခရီးတွင် တစ် တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လေးလေးနက်နက် တိုက်တွန်းလိုကြောင်းဖြင့် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်က ပြောကြားသည်။
#PeopleMedia