ပြည်သူ့လုံခြုံရေးစနစ်ကိုစနစ်တကျဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှ တဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ဖော်ဆောင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - January 27, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ပြည်သူ့လုံခြုံရေး စနစ်ကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ် မှ တဆင့် ပြည်သူ့ ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် နိုင်ငံရေး အပြောင်းအလဲများမှတစ်ဆင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခများ၏ အခြေခံဖြစ်သည့် ဆူပူ ဆန္ဒပြမှု အဆင့်မှ အကြမ်းဖက်မှုအဆင့်အထိဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို ပြိုကွဲစေလို သည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်၊ လူရွယ်များအား အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံတွင်းရှိ အချို့မြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် အတူတကွ ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကို ကာ ကွယ်ရန်အဓိက တာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်း ကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များတွင် ပါဝင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်အနေနဲ့ မှတ်ပုံ တင်ခွင့်ပြုပြီးဖြစ်တဲ့ နိုင်ငံရေးပါတီတွေက ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ၊ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြည်သူ့လုံခြုံရေးစနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။ ပြည်သူ အားလုံးပါဝင်တဲ့ ပြည်သူလုံခြုံရေးစနစ်ကို ဖော်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးစနစ်ဟာ အရေး ကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စည်းလုံးမှုရှိရင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်တွေဟာလည်း အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လုံခြုံရေး စနစ်ကို စနစ်တကျနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လို ပြီးတော့ ပြည်သူ့လုံခြုံရေးစနစ်ကတဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ကို ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ က ထိထိရောက်ရောက်နှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းရပ်များကို ကျေပွန်ရန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုပြီး ပြည်သူလူထုက အားကိုးယုံကြည်ရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး စည်းကမ်းပိုင်းအရ ကြပ်မတ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းသက်တမ်းကာလတစ်လျှောက် မိမိတို့၏ တာဝန် များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံကို ကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရ တစ်ရပ်သည် ၎င်းတို့၏ မူဝါဒများ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ့ကောင်းရာ၊ ကောင်းကျိုးကို သတ်မှတ် သက်တမ်းကာလ တစ်ခုအတွင်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးကိုသာကြည့်၍ တာဝန် ထမ်း ဆောင်ကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeoopleMedia