ပြန်လည်ပြုပြင်မှုများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေး ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌမှာကြား
PUBLISHED - September 30, 2024
နေပြည်တော်၊ စက်တင်ဘာ ၃၀
ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေး ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။
ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မိတ္ထီလာ-သာစည် ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။ ထို့နောက် သာစည်ဘူတာသို့ ရောက်ရှိကြပြီး သာစည်ဘူတာမှတစ်ဆင့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတားပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင် နေရာသို့ မီးရထားစီးနင်း၍ သွားရောက်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် မြင့်တက်တိုက်စားခဲ့မှုကြောင့် တံတားအမှတ် ၆၉၁(အဆန်)၏ ရန်ကုန်ဘက်ခြမ်းတံတား ချဉ်းကပ်တာဘောင် ရေတိုက်စားပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန်တရားများဖြင့် တာဘောင်မြေဖို့ပြုပြင် ဆောင်ရွက်ခြင်းနှင့် သံလမ်းပြန်လည်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တံတားအမှတ် ၆၉၁(အစုန်)၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ၃ ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတား (၉၀) ပေထိုး၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ နေရာရောက်ရှိပြီး လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် ရေစီးအားကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုပြီး နောင်အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါက ခံနိုင်ရည်ရှိစေရေးအတွက် စနစ်တကျသုတေသနပြုတွက်ချက်၍ ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အဆိုပါတံတားပြုပြင်နေမှုနေရာမှ သဲတောဘူတာအထိ ရထားစီးနင်းလိုက်ပါခဲ့ပြီး သဲတောဘူတာသို့ ရောက်ရှိပြီးနောက် သဲတော-ဝမ်းတွင်း-မိတ္ထီလာ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကာ လမ်းကြောင်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
#PeopleMedia