• Follow Us on

Home ပြီးခဲ့တဲ့နှစ်က ပိုလန်နိုင်ငံတွင်း ရွာသားနှစ်ဦးသေဆုံးခဲ့တဲ့ ဒုံးကျည်ကျရောက်ပေါက်ကွဲမှု ယူကရိန်းဒုံးကျည် ဖြစ်ကြောင်း ပိုလန်ပြော

ပြီးခဲ့တဲ့နှစ်က ပိုလန်နိုင်ငံတွင်း ရွာသားနှစ်ဦးသေဆုံးခဲ့တဲ့ ဒုံးကျည်ကျရောက်ပေါက်ကွဲမှု ယူကရိန်းဒုံးကျည် ဖြစ်ကြောင်း ပိုလန်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပိုလန်နိုင်ငံထဲမှာ လယ်သမားနှစ်ဦးသေဆုံးခဲ့တဲ့ ဒုံးကျည်ကျရောက် ပေါက်ကွဲမှုဟာ ရုရှားနိုင်ငံကပစ်လိုက်တာမဟုတ်ဘဲ ယူကရိန်းနိုင်ငံက ပစ်လိုက်တာဖြစ်ကြောင်း ပိုလန်စုံစမ်း စစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

 

အဲဒီစုံစမ်းစစ်ဆေးမှုတွေကို ယူကရိန်းနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ပိုလန်တစ်နိုင်ငံတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ပိုလန်ဘက်ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးဖြစ်ကြောင်း၊ ယူကရိန်းဘက်ကို သတင်းအချက်အလက်ပိုမိုရရှိဖို့ အတွက်တောင်းဆိုထားကြောင်းကလွဲလို့ ပိုလန်အရာရှိတွေကတော့ အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်း မရှိဘူးလို့ Rzeczpospolita သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

 

ပိုလန်နိုင်ငံထဲမှာကျရောက်ပေါက်ကွဲခဲ့တဲ့ အဲဒီဒုံးကျည်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အသုံးပြုနေတဲ့ ရုရှားထုတ် S-300 ဒုံးကျည်ဖြစ်ကြောင်း Rzeczpospolita သတင်းစာက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ယူကရိန်းနိုင်ငံဘက်ကို ရုရှားဘက်က ဒုံးကျည်တစ်စင်းပျံဝဲလာတဲ့အ ချိန်မှာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အဲဒီဒုံးကျည်ကိုကြားဖြတ်ပစ်ချဖို့အတွက် ဒုံးကျည် အများအပြားကို အသုံးပြုခဲ့ပါတယ်။

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာ ပစ်မှတ်ကို မထိဘဲ ပိုလန် နိုင်ငံထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

 

S-300 ဒုံးကျည်တွေရောက်ရှိနိုင်တဲ့အကွာအဝေးဟာ ရုရှားတပ်တွေတည်ရှိနေတဲ့နေရာနဲ့ အတော်အလှမ်းကွာ ဝေးလွန်းတာကြောင့် အဲဒီဒုံးကျည်ဟာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ်က ပစ်ခတ်လိုကတဲ့ဒုံးကျည်မဟုတ်တာ သေချာကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

 

ယူကရိန်းအာဏာပိုင်တွေက ဒုံးကျည်ကိစ္စမှာ ရုရှားပါဝင်ပတ်သက်မှုကို ရှာဖွေဖော်ထုတ်ဖို့ အပြည့်အဝပူးပေါင်း ဆောင်ရွက်မယ်လို့ မူလက ကတိပေးထားပေမဲ့ လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ဆိုပါတယ်။

 

စုံစမ်းစစ်ဆေးမှု ပြီးပြည့်စုံဖို့အတွက် ယူကရိန်းနိုင်ငံအနေနဲ့ မေးခွန်းတချို့ကို ဖြေကြားပေးဖို့ လိုအပ်ကြောင်း ပိုလန်စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

 

Ref: The missile that killed 2 Poles last year in eastern Poland was Ukrainian, confirms Polish investigation

 

#PeopleMedia


Share this post