ဖက်ဒရယ်အစိုးရအလုပ်အကိုင်တချို့အတွက် ဘွဲ့လိုအပ်ချက်တွေကို လျှော့ချပစ်မယ်လို့ ကမ်မလာဟားရစ်ပြော
PUBLISHED - September 14, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄
နိုဝင်ဘာ ၅ ရက်နေ့ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဖက်ဒရယ်အစိုးရအလုပ်အကိုင်လျှောက် ထားသူတွေအတွက် တက္ကသိုလ်/ကောလိပ်ဘွဲ့ဒီဂရီလိုအပ်ချက်တွေကို လျှော့ချပစ်မယ်လို့ ဒုတိယသမ္မတကမ်မ လာဟားရစ်က သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အလုပ်သင်ကာလတို့လို နည်းပညာစီမံကိန်းတွေလို တက္ကသိုလ်/ကောလိပ်ဘွဲ့မပါဘဲ ရရှိခဲ့တဲ့ အောင်မြင်မှုနည်းလမ်းတွေရဲ့တန်ဖိုးကို သဘောပေါက်အသိအမှတ်ပြုရမှာဖြစ်ကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဟားရစ်က ပြောပါတယ်။
“ကျွန်မသမ္မတဖြစ်လာခဲ့ရင် လေးနှစ်ကြာတက်ရောက်ပြီးရယူခဲ့တဲ့ဘွဲ့ဒီဂရီမပါဘဲ သာမန်ပြည်သူတွေ အလုပ် အကိုင်အခွင့်အလမ်းတွေ တိုးမြင့်ရရှိစေဖို့ ဖက်ဒရယ်အစိုးရအလုပ်အကိုင်တွေအတွက်သတ်မှတ်ထားတဲ့ မလို အပ်တဲ့ဘွဲ့ဒီဂရီတောင်းဆိုချက်တွေကို ရှင်းလင်းပစ်မှာဖြစ်ပါတယ်။” လို့ ဟားရစ်က ၎င်းရဲ့မိန့်ခွန်းထဲမှာ ထည့် သွင်း ပြောဆိုခဲ့ပါတယ်။
ဘွဲ့တစ်ခုဟာ လူတစ်ယောက်ရဲ့လုပ်ငန်းကျွမ်းကျင်မှုကို မလွဲမသွေ ကိုယ်စားမပြုကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှာ လည်း အခုလိုလုပ်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဟားရစ်ရော ထရမ့်ပါ နှစ်ယောက်စလုံးက စီးပွားရေးကတိကဝတ်တွေနဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နေတာဖြစ် ပါတယ်။
ဟားရစ်က အလယ်အလတ်တန်းစားလူထုရဲ့အခွန်တွေကို ဖြတ်တောက်လျှော့ချပေးမယ်လို့ ပြောသလို ထရမ့် ကလည်း အချိန်ပိုအလုပ်ဆင်းတဲ့လုပ်ခရဲ့အခွန်တွေကို ဖြတ်တောက်ပေးမယ်လို့ ဆိုပါတယ်။
နှစ်ဦးစလုံးဟာ အပိုဆုကြေးပေး (tips) တဲ့ ငွေအပေါ်ကို အခွန်မကောက်ရေး ထောက်ခံထားသူတွေဖြစ်ပါ တယ်။
ဟားရစ် ပန်ဆယ်ဗေးနီးယားပြည်နယ် ဝိတ်ခ်ဘဲရီးမြို့မှာ မဲဆွယ်မိန့်ခွန်းပြောနေစဉ် လူထောင်ပေါင်းများစွာသေ ဆုံးပြီး လူသားချင်းစာနာမှုဒုက္ခတွေဖြစ်နေတဲ့ ဂါဇာစစ်ပွဲမှာ အမေရိကန်က အစ္စရေးကိုထောက်ပံ့နေတာကို ကန့် ကွက်ဆန္ဒပြတာနဲ့ တွေ့ကြုံခဲ့ရပါတယ်။
အမေရိကန်နိုင်ငံထဲက ဆန္ဒပြသူတွေဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့နဲ့ အစ္စရေးကို လက်နက်ထောက်ပံ့နေတာတွေ ကန့်သတ်တားဆီးဖို့ တောင်းဆိုနေတာ လပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဟားရစ်က ၎င်းအနေနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ထောက်ခံ ကြောင်း ထပ်လောင်းပြောကြားပါတယ်။
“အခုအချိန်မှာ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ အချိန်ကျရောက်နေပါပြီ။” လို့ ပြော နေတုန်း ကြားဖြတ်ဝင်ရောက်ပြောဆိုလာသူတစ်ဦးကို “ရှင့်အသံကို ကျွန်မ အသိအမှတ်ပြုလေးစားပါတယ်။ ဒါ ပေမဲ့ အခုအချိန်မှာ ကျွန်မ စကားပြောနေတယ်လေ။” လို့ ပြန်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကို အများအပြားမဲပေးခဲ့တဲ့ မူဆလင်အမေရိကန်နဲ့ အာရပ် အမေရိကန်တွေသာ သူတို့မဲတွေကို ပြန်ရုပ်သိမ်းသွားခဲ့ရင် ထရမ့်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ဟားရစ် အဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
Ref: Kamala Harris Says She Will Cut Degree Requirements for Certain Federal Jobs (Reuters)
#PeopleMedia