ဖားကန့်မြို့နယ်တွင် KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းနီလူငယ်တစ်ဦး ယနေ့တိုင် ပြန်မလွတ်သေး

PUBLISHED - July 31, 2023
မြစ်ကြီးနား၊ ဇူလိုင် ၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တစ်လုံးကျေးရွာတွင် ဇူလိုင်လ (၁၈) ရက်နေ့က KIA မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံခဲ့ရသည့် ရှမ်းနီလူငယ်တစ်ဦး ယနေ့တိုင် ပြန်လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ (၁၈) ရက်နေ့၊ ညနေပိုင်းက KIA တပ်ရင်း ၄၅ မှ တစ်လုံးကျေးရွာ တံတားထိပ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ယင်းရှမ်းနီလူငယ်နှင့်အတူ လူငယ် (၆) ဦးပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံ တစ်ဦးက ပြောသည်။
“အဲ့ဒီကလေးက တစ်လုံးရွာမှာလည်း အလုပ်လုပ်တယ်။ အဲ့ဒီနေ့က သူ့အဖိုး နာရေးအပြီး သူနေထိုင်တဲ့ လွဲမွန်ရွာကိုပြန်တာ။ တစ်လုံးရွာ တံတားထိပ်မှာပဲ အဖမ်းခံရတယ်။ သူအပါအဝင် (၇) ဦးကို ဖမ်းခဲ့တာ။ ဒီရက်ပိုင်းလောက်ကပဲ အသက်မပြည့်တဲ့ ကလေး (၂) ယောက်တော့ ပြန်လွတ်လာပြီ ကြားတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ယောင်္ကျားလေးတစ်ဦးကို လွန်ခဲ့သည့် (၃) ရက်ခန့်က ပြန်လွှတ်ပေးခဲ့ပြီး၊ ကျန် (၅) ဦးကို ယနေ့တိုင် ပြန်မလွှတ်သေးကြောင်း သိရသည်။
ယင်း ရှမ်းနီလူငယ်အမျိုးသားမှာ အသက် (၂၂) နှစ်အရွယ် ကိုအားမာန်စိုး ဆိုသူဖြစ်ကာ မိခင်ဖြစ်သူနှင့်အတူ လွဲမွန်ကျေးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
ပန်ပန်(EPN)
#PeopleMedia