ဖားကန့်မြို့နယ်ရှိ မနမှော် မြေပြိုကျမှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် အလောင်း ၁၂ အလောင်း ပြန်လည်တွေ့ရှိ
PUBLISHED - August 15, 2023
မြစ်ကြီးနား၊ ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယမန်နေ့ ဩဂုတ်လ (၁၃) ရက်နေ့၊ ညနေ (၃) နာရီဝန်းကျင်က မြေပြိုကျမှုကြောင့် လူဦးရေ (၃၀) ခန့် ပျောက်ဆုံးနေကာ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့၊ နေလည် ၁၂ နာရီအချိန်အထိ အလောင်း ၁၂ လောင်းကျော် ပြန်လည်ဆယ်ယူနိုင်ခဲ့ ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းခန့် အလောင်း၂ လောင်းနှင့် ၁၀ နာရီခန့်က ၁၀ လောင်းကို ပြန် လည်ဆယ်ယူနိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။
“မနေ့ကထဲက ရှာနေကြတာ။ မနက်အစောပိုင်းက ၂ လောင်း၊ ၁၀ နာရီလောက်မှာ ၁၀ လောင်း ထပ်တွေ့ တယ်။ ကျနော်တို့ဆီ စာရင်းရှိတာကတော့ ၃၆ ယောက်။ အဲ့ထပ်လဲများနိုင်တယ်။ အဝေးကလူတွေကြ မလာတာများတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖားကန့်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ (၉) ခုမှ ဦးဆောင်ကာ အင်အား (၁၅၀) ကျော်၊ စက်လှေ (၅) စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“မနက်ပိုင်းကစပြီး ကယ်ဆယ်ရေးတွေလုပ်နေတာ။ အင်အား (၁၅၀) ကျော်လောက်ရှိမယ်။ ရေအောက်ငုပ်ပြီး ရှာတာတွေကော၊ ကြိုးဆွဲရှာတာတွေကော၊ စက်လှေ (၅) စီးလောက်နဲ့ လုပ်နေကြတယ်။ လက်ရှိအချိန်ထိ တော့ အလောင်းတစ်ခုမှ မတွေ့ရသေးဘူး” ဟု ၎င်းကပြောသည်။
ဖားကန့်မြို့နယ်တွင် အလားတူဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဩဂုတ်လ (၅) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် တူးဖော်ထားသည့် ရေကန်အတွင်း မြေပြို ကျကာ ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်တွင် ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ရေကန် အတွင်း နစ်မြုပ်သေဆုံးခဲ့ကြောင်း သိရသည်။
ဗညားနွဲ့
#PeopleMedia