• Follow Us on
Latest News

Home ဖားကန့်မြို့နယ်အတွင်း ညအချိန် ဓာတ်တိုင်များရှိ မီးကြိုးများ ခိုးယူခံရမှု ပိုမိုများပြားလာ

ဖားကန့်မြို့နယ်အတွင်း ညအချိန် ဓာတ်တိုင်များရှိ မီးကြိုးများ ခိုးယူခံရမှု ပိုမိုများပြားလာ

Share this post

မြစ်ကြီးနား၊ နိုဝင်ဘာ ၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ညအချိန် ဓာတ်တိုင်များရှိ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ခိုယူခံနေရမှု များပြားလာသည့်အတွက် ရပ်ကွက်နေပြည်သူများ အခက်အခဲများဖြင့် ကြုံ တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ ခိုးယူခံရမှု ဖြစ်စဉ်များမှာ ပိုမိုများပြားလာပြီး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် ငွေကြေးလိုအပ် သည့်အတွက် ယခုကဲ့သို့ ခိုးယူခြင်းများကို ဆောင်ရွက်လာရခြင်းဖြစ်ကြောင်း ဖားကန့်မြို့တွင်းနေ ဒေသခံ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

 

“အဓိကက မူးယစ်ဆေးဝါး ရောင်းချမှုတွေ၊ သုံးစွဲမှုတွေ ပိုမိုများလာတာကြောင့် သူတို့ငွေလိုအပ်ရင် လွယ်လွယ် ရတဲ့ ခိုးတာတွေ၊ လုတာတွေ လုပ်လာကြတယ်။ အခုဆိုလဲ ဓာတ်ကြိုးတွေ ဖြတ်ခိုးတယ်။ သူတို့ ခိုးလိုရတဲ့ ဓာတ်ကြိုးတွေပြန်ရောင်းရင် (၄) ထောင် (၅) ထောင်ပဲရတာ။ သူတို့အတွက်က ဆေးဖိုးရတယ်။ ဒီဘက်မှာ ကြတော့ မီးကြိုးမရှိတော့ မီးပျက်ပြီး ဒုက္ခရောက်ရတယ်” ဟု ၎င်းကပြောသည်။

 

ယင်းခိုးယူခံရသည့် လျှပ်စစ်မီးကြိုးများနေရာတွင် အသစ်ပြန်လည် တပ်ဆင်ရန် ရပ်ကွက်နေပြည်သူများမှ ကိုယ်ထူကိုယ်ထ အလှူငွေများ ကောက်ခံကာ ပြုလုပ်လျက်ရှိကြောင်း လျှပ်စစ်မီးကြိုးများ ပြန်လည်တပ်ဆင် ပေးနေသူ တစ်ဦးကပြောသည်။

 

“အခုက ခိုးယူခံရတဲ့ နေရာတွေမှာ မီးကြိုးအသစ်ဝယ်ပြီး ပြန်လည်တပ်ဆင်နေတယ်။ ဒါကလဲ ရပ်ကွက်နေ ပြည်သူတွေရဲ့ စုပေါင်းအလှူငွေတွေနဲ့ပဲ ကိုယ်ထူကိုယ်ထလုပ်ဆောင်ကြတာပါ။ အခုလို မီးကြိုးတွေခိုးယူတော့ မီးပျက်တာတွေကြုံရတယ်။ အခုနောက်ပိုင်းက လျှပ်စစ်မီးကိုပဲ အဓိကထားပြီး အသုံးပြုနေကြတော့ လျှပ်စစ်မီး အမြဲရဖို့ကအရေးကြီးတယ်” ဟု ၎င်းကပြောသည်။

 

ယင်းကဲ့သို့ လျှပ်စစ်မီးကြိုးများ ခိုးယူခံရမှု ဖြစ်ပွားပါက သက်ဆိုင်ရာသို့ လျှင်မြန်စွာ အကြောင်းကြားစေလိုပြီး လိုအပ်သည်များ ပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ကျနော်တို့အနေနဲ့က ဒေသခံပြည်သူတွေ အကြောင်းကြားရင် သေချာမြေပြင်ကွင်းဆင်းလေ့လာပြီး ပြန် လည်တပ်ဆင်ပေးတာတွေ၊ ပြုပြင်ဆောင်ရွက်တာတွေလုပ်ဆောင်ပေးသွားဖို့ရှိတယ်” ဟု ၎င်းကပြောသည်။

 

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ် ရပ်ကွက် (၂) နှင့် ရပ်ကွက် (၄) များအတွင်း လျှပ်စစ်မီးကြိုး ခိုးယူမှုများ ပိုမိုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

၎င်းအပြင် စက်တင်ဘာလ (၃) ရက်နေ့ကလည်း ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းရုံးအနီးရှိ လျှပ်စစ် ထရန်စဖော်မာ ပုံးပေါ်အထိတက်ကာ မီးကြိုးခိုးဖြုတ်သည့် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

ဗညားနွဲ့

 

#PeopleMedia


Share this post