• Follow Us on

Home ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခုကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခုကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက် တိုက်ခိုက်

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအုပ်စု တာမခန်ကျေးရွာအနီးရှိ တပ်မတော်လုံခြုံရေးစခန်း တစ်ခုကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ ညနေ (၄) နာရီခန့်က KIA/ PDF ပူးပေါင်းတပ်ဖွဲ့တို့ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့က တာမခန်ကျေးရွာအဝင်ရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုကို KIA/ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းအချိန်ထိ လက်နက်ကြီးသံများ ကြား နေရကြောင်း တာမခံကျေးရွာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

 

“မနေ့က ညနေပိုင်းလောက်ထဲက တိုက်ပွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ တာမခန်က ဒေသခံတွေလဲ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်။ ကြားရတာက ၅ နာရီကျော်လောက်မှာတော့ စခန်းကို တစ်ဖက်အဖွဲ့က ဝင်ရောက်နိုင်ခဲ့ပြီ ကြားတယ်။ ဒါပေမယ့် မနက်ကတော့ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ” ဟု ၎င်းက ပြောသည်။

 

အဆိုပါ တိုက်ပွဲကြောင့် တာမခန်ကျေးရွာအနီးရှိ ဒေသခံများမှာ ဘေးလွတ်ရာ ဆိုင်းတောင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖားကန့်မြို့နယ် အခြေစိုက်လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။

 

“မနေ့က နေ့လည်လောက်ထဲကစပြီး အိမ်ထောင်စု ၁၅ စုလောက်က ဒီဘက်ဘေးလွတ်ရာ ဆိုင်းတောင် ဘုန်းကြီးကျောင်းဘက်တွေမှာလာပြီး တိုက်ပွဲတိမ်းရှောင်နေကြရတယ်” ဟု ၎င်းကပြောသည်။

 

ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တပ်မတော်စခန်းအချို့ကို KIA/ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်နေလျက်ရှိရာ ယခုလ ၂ ရက်နေ့ကလည်း နန့်တိန်းကျေးရွာအနီးရှိ တပ်မတော်စခန်းနှင့် ဝှေခါကျေး ရွာအနီးရှိ စခန်းများတွင်လဲ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဗညားနွဲ့

 

#PeopleMedia


Share this post