ဖားကန့်မြို့နယ်၌ မိန်းကလေးတစ်ဦးကို သတ်ဖြတ်ကာ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများ လုယူ ထွက်ပြေး
PUBLISHED - August 11, 2023
မြစ်ကြီးနား၊ ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ RC ဆုတောင်းတောင်ကုန်းအနီးတွင် ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့ ညနေ (၅) နာရီခန့်က မိန်းကလေးတစ်ဦးကို သတ်ဖြတ်ကာ ဝတ်ဆင်ထားသည့် လက်ဝတ် တနားများ လုယူထွက်ပြေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝှေခါကျေးရွာအနီး RC ဆုတောင်းတောင်ကုန်း အထက်ဘက် တောတစ်နေရာတွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကို ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့က ညနေပိုင်းလောက်က အဲ့ဒီတောဘက်သွားလာနေတဲ့ ဒေသခံတစ်ဦးကတွေ့တာ။ အလောင်းက တောထဲ အတင်းဆွဲခေါ်ပြီးမှ သတ်ဖြတ်ထားတဲ့ပုံစံ။ ခန့်မှန်းတာကတော့ အဓမ္မ ပြုကျင့်ထားတဲ့ပုံစံလို တွေ့ ရတယ်။ ဒါပေမယ့် ဆေးစစ်ချက်ကတော့ မထွက်သေးဘူး” ဟု ၎င်းကပြောသည်။
သေဆုံးသူမှာ ဝှေခါကျေးရွာအုပ်စု ဂျမ်ဂါရွာနေ အသက် ၂၂ နှစ်အရွယ် မကေသွယ်ဦး ဆိုသူဖြစ်ပြီး၊ သေ ဆုံးသူ၏ လည်ပင်းအထက် ညာဘက်နှင့် ဘယ်ဘက်တွင် ဓားထိုးဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရကာ နားကပ်နှင့် အခြားလက်ဝတ်လက်စားများလည်း လုယူခြင်းခံခဲ့ရကြောင်း သိရသည်။
“အခု ဖားကန့်မှာက လူသတ်တဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေတာ။ တော်ရုံ ပိုက်ဆံ များများစားစားသယ်ပြီး အပြင်မသွားရဲဘူး။ နယ်မြေ မငြိမ်သတ်တာကို အခွင့်ကောင်းယူပြီး အခုလို ဓားပြတိုက်၊ လူသတ်တာတွေက တစ်နေ့တစ်ခြား ပိုပိုတိုးလာနေတာကိုလဲ တွေ့ရတယ်” ဟု ဖားကန့်မြို့နေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
အလားတူ ဩဂုတ်လ (၅) ရက်နေ့ကလည်း ည ၈ နာရီအချိန်ခန့်က ဖားကန့်မြို့နယ် မှော်စီစာ ဖြူစင်ကုန်း လမ်းဆုံအဝိုင်းပတ်အနီး အမျိုးသားတစ်ဦး ဓားထိုးခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗညားနွဲ့
#PeopleMedia