• Follow Us on
Latest News

Home ဖိလစ်ပိုင်နဲ့ အိန္ဒိယပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်မည်

ဖိလစ်ပိုင်နဲ့ အိန္ဒိယပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ မေ ၂၀

 

နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အခုသီတင်းပတ်အတွင်း ပင်လယ်ပြင်ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့အတွက် အိန္ဒိယစစ်သင်္ဘောသုံးစီး တနင်္ဂနွေနေ့ (မေလ ၁၉ ရက်နေ့) က ဖိလစ်ပိုင် နိုင်ငံကို ရောက်ရှိလာပါတယ်။

 

အိန္ဒိယရေတပ်ရဲ့ အရှေ့ပိုင်းရေတပ်အုပ်စုရဲ့ကွပ်ကွဲမှုအောက်ရှိ စစ်သင်္ဘောသုံးစီးဖြစ်တဲ့ ဖျက်သင်္ဘော INS Delhi၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးကော်ဗတ်စစ်သင်္ဘော INS Kiltan နဲ့ ရေတပ်အုပ်စုဆီထောက်ပံ့ရေး သင်္ဘော INS Shakti တို့ဟာ မေလ ၁၉ ရက်နေ့ မနက် ၈ နာရီမှာ ဖိလစ်ပိုင်ကိုရောက်လာတာဖြစ်ပါတယ်။

 

အိန္ဒိယသင်္ဘောတွေကို ဖိလစ်ပိုင်ရေတပ်နဲ့ အိန္ဒိယသံရုံးက ကိုယ်စားလှယ်တွေက ကြိုဆိုခဲ့ကြပြီး အဲဒီသင်္ဘော တွေဟာ ဖိလစ်ပိုင်မှာ နောက်ထပ် လေးရက်ကြာ ရှိနေမှာဖြစ်ပါတယ်။

 

“အိန္ဒိယရေတပ်သင်္ဘောတွေဟာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးလက်တွေ့လေ့ကျင့်မှုတွေ ကို မိတ်ဆွေနိုင်ငံတွေကို မျှဝေဖို့အတွက် အဲဒီနိုင်ငံတွေကို သွားရောက်လည်ပတ်လျက်ရှိပါတယ်။ မနီလာမှာရှိ နေစဉ်အတွင်း ဆွေးနွေးညှိနှိုင်းပြီး အတွေ့အကြုံတွေဖလှယ်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ ရေတပ်ဗိုလ်ချုပ်ကြီး ရာဂျစ်ဒန်ကာက ပြောပါတယ်။

 

“ကျွန်တော်တို့နှစ်နိုင်ငံဟာ အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးထိန်း သိမ်းဖို့အတွက် ဘုံအကျိုးစီးပွားတွေမျှဝေနေတာဖြစ်ပါတယ်။ အိန္ဒိယရေတပ်နဲ့ ဖိလစ်ပိုင်ရေတပ်ဟာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံစလုံးဟာ အခွင့်အလမ်းရလာတိုင်းမှာ ပင်လယ်ပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါ ဝင်ဆောင်ရွက်ခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အင်အား ၁.၅ သန်းရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စစ်အင်အားအကြီးမားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကြည်းတပ်မှာ ၁.၂၅ သန်း၊ ရေတပ်မှာ ၆၅,၀၀၀ ၊ လေတပ်မှာ ၁၄၀,၀၀၀ နဲ့ ကမ်းခြေစောင့်တပ်မှာ ၁၂,၀၀၀ ရှိ ကြောင်း အမေရိကန် CIA က ထုတ်ပြန်တဲ့သတင်းအချက်အလက်အရ သိရပါတယ်။

 

သြစတေးလျနဲ့ ပြင်သစ်ရေတပ်က တပ်ဖွဲ့ဝင်တွေအပါအဝင် ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ရေတပ်နဲ့အတူ ဘာလီကာတန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့လက ဆောင်ရွက်ခဲ့ပါတယ်။

 

ဒါ့အပြင် ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတေးလျနိုင်ငံက ရေတပ်နဲ့ လေတပ်တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့လကပဲ နိုင်ငံစုံပူးပေါင်းပင်လယ်ပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

 

Ref: Philippines, India to hold joint maritime exercises

 

#PeopleMedia


Share this post