• Follow Us on

Home ဖိလစ်ပိုင်သင်္ဘောတိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကို သတိပေး၊ တရုတ်က ခပ်မာမာတုံ့ပြန်

ဖိလစ်ပိုင်သင်္ဘောတိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကို သတိပေး၊ တရုတ်က ခပ်မာမာတုံ့ပြန်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁

 

တောင်တရုတ်ပင်လယ်တွင်း တနင်္လာနေ့ (သြဂုတ်လ ၁၉ ရက်နေ့) က တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောတွေ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အာရှတိုက်ရဲ့ သက်တမ်းအရင့်ဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကာကွယ်ရေးစာချုပ်ချုပ်ထားတာ နှစ်ပေါင်း ၇၃ နှစ်ရှိပြီဖြစ်ကြောင်း အမေ ရိကန်အစိုးရက တရုတ်နိုင်ငံကို သတိပေးပြောကြားလိုက်ပါတယ်။

 

“၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် ကာကွယ်ရေးစာချုပ်အပိုဒ် (၄) မှာ ဖိလစ်ပိုင်နိုင်ငံအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုဆိုတဲ့အထဲမှာ ဖိလစ်ပိုင်တပ်မတော်၊ တောင်တရုတ်ပင်လယ် နေရာတိုင်းမှာရှိနေတဲ့ ကမ်းခြေ စောင့်တပ်ဖွဲ့ အပါအဝင် အစိုးရသင်္ဘောတွေ၊ လေယာဉ်တွေ အားလုံးအကျုံးဝင်ကြောင်း အမေရိကန် ပြည်ထောင်စုက ထပ်လောင်းပြောကြားပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗီ ဒန့်တတ်ပက်တယ်လ်က တနင်္လာနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ပစိဖိတ်ဒေသက နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာတဲ့အချိန်မှာ မိတ်ဖက်နိုင်ငံတွေဟာ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပြီး ဘုံအန္တရာယ်ကို ရင်ဆိုင်ကြရမှာဖြစ်တယ်လို့ အဆိုပါစာချုပ် အပိုဒ် (၄) မှာ ဖော်ပြထားပါတယ်။

 

အငြင်းပွားရေပိုင်နက်ဖြစ်တဲ့ စပရက်တ်လီကျွန်းစုဝန်းကျင် ဆာဘီနာရေအောက်သောက်စွယ်တန်းအနီး ဖိလစ် ပိုင်ကမ်းခြေစောင့်သင်္ဘောနှစ်စီးကြားကို တရုတ်ကမ်းခြေစောင့်သင်္ဘောက ကြားဖြတ်ဝင်ရောက်လာခဲ့ပြီးနောက် သင်္ဘောတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

စပရက်တ်လီကျွန်းစုက ဆာဘီနာရေအောက်သောက်စွယ်တန်းဟာ ဖိလစ်ပိုင် ပါလာဝန်ကျွမ်းနဲ့ ၈၆ မိုင်ခန့်ကွာ ဝေးတဲ့နေရာမှာတည်ရှိပြီး နိုင်ငံတကာက ဖိလစ်ပိုင်နိုင်ငံရဲ့သီးသန့်စီးပွားရေးဇုံအဖြစ်သတ်မှတ်ပေးထားတဲ့ နေ ရာဖြစ်ပါတယ်။

 

သင်္ဘောနဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေခဲ့တဲ့အတွက် တရုတ်ကမ်းခြေစောင့်တပ်က သင်္ဘောကို ဗီဒန့်တတ်ပက်တယ်လ်က ပြစ်တင်ပြောကြားလိုက်ပါတယ်။

 

“အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ်နိုင်ငံ ဖိလစ်ပိုင်ဘက်က ခိုင်မာစွာရပ်တည်လျက်ရှိပြီး တောင်တရုတ် ပင်လယ်ထဲမှာ ဖိလစ်ပိုင်နိုင်ငံအပေါ် ဥပဒေနဲ့မညီဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အန္တရာယ်ရှိတဲ့ အပြုအမူ ဆောင်ရွက်ခဲ့တာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။” လို့ ပက်တယ်လ်က ပြောပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာရမှာဖြစ်ပြီး အန္တရာယ်ရှိပြီး တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဆောင်ရွက်ချက်မျိုးကို ရပ်တန့်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဆာဘီနာရေအောက်သောက်စွယ်တန်းဟာ အမြဲတမ်း တရုတ်နိုင်ငံရဲ့ နယ်မြေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက အင်္ဂါနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

သင်္ဘောတိုက်မှုအတွက် ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ရှိကြောင်း၊ တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ နယ်နိမိတ်အချုပ်အခြာ အာဏာပိုင်စိုးမှု၊ ပင်လယ်ရေကြောင်း အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေအတွက် ခိုင်မာပြတ်သားစွာချမှတ် ထားတဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ပတ် သက်ပြီး မော်နင်းက ထပ်လောင်းပြောကြားပါတယ်။

 

Ref: US sends defense treaty trigger warning to China: Newsweek

 

#PeopleMedia


Share this post