ဖိလစ်ပိုင်သူပုန်ဟောင်းတွေတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးလိုက်ပါလာတဲ့ စစ်သား ၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

PUBLISHED - January 23, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
ကုလသမဂ္ဂဝန်ထမ်းတွေ လုံခြုံရေးအတွက် အစောင့်အရှောက်လိုက်ပါလာတဲ့ ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ဝင်တွေကို မူဆလင် သူပုန်ဟောင်းတွေက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၂ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း ဖိလစ်ပိုင်တပ် မတော်က ဇန်နဝါရီ ၂၃ ရက်နေ့ (ကြာသပတေးနေ့) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာရှတိုက်ရဲ့ ကက်သလစ်ဘာသာလွှမ်းမိုးတဲ့ဖိလစ်ပိုင်မှာ မူလက ပြည်နယ်ခွဲထွက်ဖို့နဲ့ နောက်ပိုင်းမှာ မူဆလင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရရှိဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲဝင်နေမှုကို ရပ်ဆိုင်းလိုက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF)ဟာ ၁၀ နှစ်ကျော်ကြာ တိုက်ခိုက်မှုတွေရပ်ဆိုင်းထားပြီးနောက်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က အခုလို ပြန်လည်တိုက်ခိုက်လာတာဖြစ်ပါတယ်။
ဘာဆီလန်ကျွန်းပေါ်မှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။
အရင်က MILF သူပုန်တွေရဲ့အမာခံနယ်မြေမှာ ဖွံ့ဖြိုးရေးစီမံချက်တစ်ခုကို သွားရောက်ကြည့်ရှုမယ့် ကုလသမဂ္ဂအဖွဲ့တစ် ဖွဲ့ကို လုံခြုံရေးလိုက်ပါစောင့်ရှောက်တဲ့ စစ်သည်တွေကို MILF သူပုန်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖိလစ် ပိုင်ကြည်းတပ်က ဗိုလ်မှူးချုပ် အယ်လ်ဗန်လူဇုန်က ကြာသပတေးနေ့က ပြောပါတယ်။
သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ပိုင်းမှာ ကုလသမဂ္ဂခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
အဆိုပါငြိမ်းချမ်းရေးစာချုပ်ကြောင့် တစ်ခါက MILF သူပုန်အဖွဲ့ခေါင်းဆောင် လက်ရှိအချိန်မှာ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဝန်ကြီးချုပ်အဖြစ် အဟော့အီဘရာဟင် အုပ်ချုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မူဆလင်အများစု နေ ထိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်နက်ကိုင် ထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ တော်လှန်ကြီးတစ်ခုအပြီးမှာ MILF သူပုန်တွေလက်ထဲက လက်နက်အများအပြား ဖျက်သိမ်းရေးကိစ္စကို ဒီကနေ့အချိန်အထိ ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးပါဘူး။ MILF တပ်ဖွဲ့ဝင်တွေနဲ့ အခုလို ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွက် ဘန်ဆာမိုရို အစိုးရအနေနဲ့ အလွန် ဝမ်းနည်းမိကြောင်း အဟော့အီဘရာဟင်က ပြောပါတယ်။
ဒေသတွင်းအစိုးရအနေနဲ့ ငြိမ်းချမ်းရေးစာချုပ်ပါ အကောင်အထည်ဖော်ဆောင်မှုတွေကို အပြည့်အဝလိုက်နာကျင့်သုံးနေ ရင်း သင့်တော်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး စိတ်ရှည်သည်းခံကြဖို့ ၎င်းက တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင်တပ်ဖွဲ့တွေဟာ ဒေသခံအစိုးရနဲ့ရော တရားဥပဒေစိုးမိုးမှုထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းဆောင် ရွက်နေကြောင်း ပြောဆိုရင်း တိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ဖိလစ်ပိုင်ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ရွိုင်းဂါလီဒိုက ပြောပါတယ်။
Ref: Two Soldiers Dead, 12 Wounded in Ambush by Ex-Philippine Rebels
#PeopleMedia