ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပေထောင်တန်အသင့်ပြင်ထား
PUBLISHED - September 20, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀
သြဂုတ်လ ၃၀ ရက်နေ့က နုတ်ထွက်သွားတဲ့ ပါတီခေါင်းဆောင် ချိုနန်ဆရီကောရဲ့နေရာကို ဆက်ခံဖို့ ပါတီက ရွေးချယ်လာမယ်ဆိုရင် ဖီယူထိုင်းပါတီရဲ့ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ် ကြောင်း ပေထောင်တန်ရှင်နာဝပ်ထရာက စက်တင်ဘာလ ၁၉ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ဖီယူထိုင်းပါတီအနေနဲ့ ပါလန်ပရာချာရတ်ပါတီ ဒါမှမဟုတ် UTN ပါတီတို့နဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့ခဲ့မယ်ဆိုရင် ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်သွားမယ်လို့ ကတိပေးထားခဲ့တဲ့အတိုင်း နုတ်ထွက်သွားပြီဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဖီယူထိုင်းပါတီရဲ့ခေါင်းကိုင်ဖခင် သက်ဆင်ရှင်နာဝပ်ထရာရဲ့သမီးဖြစ်သူ ပေထောင် တန်ဟာ အင်္ဂါနေ့ကကျင်းပတဲ့ ဖီယူထိုင်းပါတီရဲ့ ၁၆ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးမှာ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။
“ပါတီခေါင်းဆောင်အဖြစ် ပိုမိုသင့်တော်တဲ့သူကို ပါတီကရွေးချယ်သွားမယ်ဆိုရင်လည်း ပါတီရဲ့ဆုံးဖြတ်ချက်ကို ကျွန်မလက်ခံလိုက်နာသွားမှာပါ။ ဒါပေမဲ့ ပါတီက ကျွန်မကို ခေါင်းဆောင်အဖြစ်ရွေးချယ်မယ်ဆိုရင်လည်း အဲဒီ ရွေးချယ်မှုကို ကျွန်မ ဝမ်းမြောက်ဝမ်းသာလက်ခံသွားမှာဖြစ်ပါတယ်။” လို့ ပေထောင်တန်က ပြောပါတယ်။
ပါတီထိပ်တန်းခေါင်းဆောင်တွေက ပေထောင်တန်လို မျိုးဆက်သစ်နိုင်ငံရေးသမားမျိုးကို ပါတီခေါင်းဆောင် အ ဖြစ်ထောက်ခံသွားမယ်ဆိုရင် ဘယ်လိုသဘောထားပါသလဲဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ပြန် လည်ဖြေကြားရာမှာ ၎င်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ သက်ဆင်ရှင်နာဝပ်ထရာလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ် ကြောင်း ပေထောင်တန်က ၎င်းဖခင်နဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ၎င်းဝန်ကြီးချုပ်ဘဝက အာဏာအလွဲသုံး စားလုပ်မှုနဲ့ပတ်သက်တဲ့ပြစ်ဒဏ်တွေကို ကျခံခဲ့ရတာဖြစ်ပါတယ်။
သက်ဆင်ကို ကျန်းမာရေးအခြေအနေအရ သြဂုတ်လ ၂၃ ရက်နေ့မှာ အကျဉ်းထောင်ကနေ ဘန်ကောက်မြို့ မှာရှိတဲ့ ထိုင်းရဲတပ်ဖွဲ့အ ထွေထွေဆေးရုံကြီးကို ရွှေ့ပြောင်းခဲ့ပါတယ်။
“အဖေ့သွေးတိုးနှုန်းကတော့ တချို့ရက်တွေမှာ အခြေအနေကောင်းမွန်လာပါတယ်။ ဒါပေမဲ့ တချို့နေ့တွေမှာ တော့ သွေးတိုးက ရှိနေတုန်းပါပဲ။ ဘယ်အချိန် ဆေးရုံကဆင်းနိုင်မလဲဆိုတာ ကျွန်မတို့လည်း မသိသေးပါဘူး။” လို့ ပေထောင်တန်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ထောင်ဒဏ် ၈ နှစ်ကျခံရမှာဖြစ်ပေမဲ့ ထိုင်းဘုရင်မင်းမြတ်က စက်တင် ဘာလ ၁ ရက်နေ့မှာ သက်ညှာခွင့်ပေးခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် တစ်နှစ်သာကျခံရတော့မှာဖြစ်ပါ တယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင် နေအိမ်မှာဆေးကုသမှုခံယူနိုင်ဖို့ ကျန်တဲ့ထောင်ဒဏ်ကာလတွေကို ဆိုင်းငံ့ထား ပေးရေး လျှောက်ထားနိုင်ဖို့ ၎င်းအနေနဲ့ စဉ်းစားနေကြောင်း ပေထောင်တန်က ပြောပေမဲ့ အခုအချိန်အထိတော့ လျှောက်လွှာတင်ပြလာခြင်းမရှိသေးကြောင်း သိရပါတယ်။
Ref: Paetongtarn ready to be new Pheu Thai leader, wants Thaksin treated at home
#PeopleMedia