ဖီယူထိုင်းပါတီနဲ့ ဖုန်ဂျိုင်ထိုင်းပါတီ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ဖို့ ကြိုးပမ်းနေကြောင်း ကြေညာ
PUBLISHED - August 8, 2023
နိုင်ငံတကာ၊ သြဂုတ် ၈
ပါတီနှစ်ရပ်ပေါင်း အောက်လွှတ်တော်အမတ် ၂၁၂ နေရာရရှိထားပြီးဖြစ်တဲ့ ဖီယူထိုင်းပါတီနဲ့ ဖုန်ဂျိုင်ထိုင်းပါတီ တို့ဟာ အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ပူးပေါင်းဖို့ ကြိုးပမ်းနေကြောင်း ပါတီနှစ်ရပ်ကခေါင်းဆောင်တွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းက ဖီယူထိုင်းပါတီဌာနချုပ်မှာကျင်းပခဲ့တဲ့ အစည်းအဝေးကို ပါတီနှစ်ရပ်က ထင်ရှားတဲ့ လွှတ်တော်အမတ်တွေတက်ရောက်ခဲ့ကြပါတယ်။
ပြည်သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ နိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဖီယူထိုင်းပါတီနဲ့ ပူးပေါင်း နိုင်ရေးအတွက် သဘောတူညီခဲ့တဲ့အတွက် ဖုန်ဂျိုင်ထိုင်းပါတီကို ကျေးဇူးတင်ကြောင်း ဖီယူထိုင်းပါတီခေါင်း ဆောင် ချိုနန်ဆရီကောက ပြောပါတယ်။
“ဖီယူထိုင်းပါတီနဲ့ ဖုန်ဂျိုင်ထိုင်းပါတီတို့မှာရှိတဲ့ လွှတ်တော်အမတ် ၂၁၂ နေရာဟာ အစိုးရသစ်ဖွဲ့စည်းရေးအ တွက် အခြေခံမဲတွေဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့မဲတွေ အောက်လွှတ်တော်မှာထပ်မံရရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့ကိစ္စကို မဲမလုံလောက်မှာ စိုးရိမ်စရာမရှိတော့ပါဘူး။” လို့ ချိုနန်ကပြောပါတယ်။
ဖီယူထိုင်းပါတီဟာ မေလ ၁၄ ရက်နေ့က ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၁၄၁ နေရာ အနိုင်ရခဲ့တဲ့ အတွက် ဒုတိယရရှိခဲ့တဲ့ပါတီဖြစ်ပြီး ဖုန်ဂျိုင်ထိုင်းပါတီကတော့ ၇၁ နေရာ ရရှိခဲ့ပါတယ်။
ဖီယူထိုင်းပါတီအနေနဲ့ ၎င်းတို့ပါတီကတင်ထားတဲ့ဝန်ကြီးချုပ်လောင်းအတွက် ဘယ်ပါတီကမဆိုထောက်ခံမဲတွေ ကို ကြိုဆိုလျက်ရှိပြီး ပါတီတစ်ခုချင်းစီက လွှတ်တော်အမတ်တစ်ဦးချင်းရဲ့ထောက်ခံချက်တွေကိုလည်း လမ်းဖွင့် ထားကြောင်း ဒေါက်တာချိုနန်က ပြောပါတယ်။
“လက်ရှိနိုင်ငံရေးအခြေအနေအရ လူမှုအဖွဲ့အစည်းထဲမှာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ကြားက ဖီယူထိုင်းပါတီက တင်ထားတဲ့ ဝန်ကြီးချုပ်လောင်းအတွက် ထောက်ခံမဲပေးကြဖို့ ပါတီတွေအားလုံးကို ကျွန်တော်တို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် ဆရက်သာသာဗီဆင်ကိုပဲ ဆက်လက်တင်မြှောက်ထားကြောင်း ၎င်း က အတည်ပြုပြောကြားပါတယ်။ ၎င်းက ဆရက်သာနာမည်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ သြ ဂုတ်လ ၂ ရက်နေ့က ကြေညာထားတဲ့သူဟာ ဝန်ကြီးချုပ်လောင်းဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
အသစ်ဖွ့ဲစည်းမယ့် ညွန့်ပေါင်းအဖွဲ့ထဲမှာ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ Move Forward ပါတီမပါဘူးဆိုတာ ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်က အတည်ပြုပြောကြားကပါတယ်။ Move Forward ပါတီသာ ညွန့်ပေါင်းအ ဖွဲ့ထဲပါလာရင် တခြားပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေက ညွန့်ပေါင်းအစိုးရကို ထောက်ခံမှာမဟုတ် ကြောင်း ၎င်းက ပြောပါတယ်။
Ref: Pheu Thai, Bhumjaithai announce bid to form govt
#PeopleMedia