• Follow Us on
Latest News

Home ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အထက်လွှတ်တော်အမတ်တွေတင်သွင်းတဲ့ တိုင်တန်းလွှာကို လက်ခံလိုက် တဲ့အတွက် ဝန်ကြီးချုပ်ဆရက်ထာ ရာထူးထိခိုက်နိုင်ဖွယ်ရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အထက်လွှတ်တော်အမတ်တွေတင်သွင်းတဲ့ တိုင်တန်းလွှာကို လက်ခံလိုက် တဲ့အတွက် ဝန်ကြီးချုပ်ဆရက်ထာ ရာထူးထိခိုက်နိုင်ဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ မေ ၂၄

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ရာထူးကဖြုတ်ချဖို့ ကြိုးပမ်းတဲ့ အထက်လွှတ်တော်အမတ် ၄၀ ရဲ့တိုင်တန်း လွှာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မေလ ၂၃ ရက်နေ့က လက်ခံလိုက်ပေမဲ့ ဝန်ကြီးချုပ်ဆရက်ထာကို တာဝန်ကဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

 

မစ္စတာဆရက်ထာကို ရာထူးကဖယ်ရှားဖို့တောင်းဆိုထားတဲ့ အဲဒီတိုင်တန်းလွှာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရား ရုံး တရားသူကြီး ၉ ဦးအနက် ၆ ဦးက လက်ခံခဲ့တာဖြစ်ပါတယ်။

 

ဆရက်ထာဟာ တစ်ချိန်တုန်းက လာဘ်စားမှုနဲ့ဆက်နွယ်ပြီး ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိချစ်ချူယန် ဘန်းဆိုသူ ရှေ့နေဟောင်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းအားဖြင့် နိုင်ငံရေးကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက်ခဲ့ကြောင်း မေလ ၁၅ ရက်နေ့က တင်ပြခဲ့တဲ့ အဲဒီတိုင်တန်းလွှာထဲမှာ ဖော်ပြထားပါတယ်။

 

ဧပြီလ ၂၈ နေ့က အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းပြီးနောက်မှာ ဖိချစ်ကို အခုလို ဌာနလက်ကိုင်တစ်ခုပေးလိုက်တာ ဖြစ်ပါတယ်။

 

၂၀၀၈ ခုနှစ်မှာ အငြင်းပွားဖွယ်ရာ မြေယာကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထ ရာ တရားရုံးမှာရင်ဆိုင်နေစဉ် သက်ဆင်ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဖိချစ်ဟာ ထမင်းဘူးထဲမှာ ဘတ်ငွေ ၂ သန်းထည့်ပြီး တရားရုံးအရာရှိတွေကို လာဘ်ထိုးဖို့ ကြိုးစားခဲ့မှုနဲ့ စွဲချက်အတင်ခံခဲ့ရပါတယ်။

 

အဲဒီထမင်းဘူးဟာ မုန့်ပဲသရေစာထည့်ဖို့သာဖြစ်ကြောင်း ဖိချစ်က ပြောဆိုနေစဉ်မှာ တရားရုံးကို မထီမဲ့မြင်ပြုမှု အတွက် ၎င်းကို ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။

 

တရားရုံးချမှတ်တဲ့ပြစ်ဒဏ် ကျခံပြီးနောက်မှာတော့ အစိုးရရှေ့နေတွေက ဖိချစ်ကို စွဲဆိုထားတဲ့ လာဘ်စားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

 

ဆရက်ထာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၀ ပုဒ်မခွဲ (၄) နဲ့ ပုဒ်မခွဲ (၅) ကို ဖောက်ဖျက်ကျူးလွန်ခဲတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

 

ပုဒ်မ ၁၆၀ ပုဒ်မခွဲ (၄) မှာ “ဝန်ကြီးချုပ်ဟာ တည်ကြည်ဖြောင့်မတ်တဲ့ဂုဏ်သိက္ခာရှိရမယ်။” လို့ ဖော်ပြထားပြီး ပုဒ်မခွဲ (၅) မှာတော့ “ဝန်ကြီးချုပ်ရဲ့ပြုမူဆောင်ရွက်ချက်ဟာ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိရမယ်။” လို့ ဖော်ပြထားပါတယ်။

 

တရားသူကြီး ၉ ဦးရှိတဲ့အနက် တရားသူကြီး ၅ ဦးက တရား စစ်ဆေးနေစဉ်အတွင်း တာဝန်ကရပ်ဆိုင်းတဲ့အမိန့် ကို မထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပေမဲ့ ဆရက်ထာအနေနဲ့ ၁၅ ရက်အတွင်း ခုခံထုချေလွှာတင်သွင်းဖို့ အ မိန့်ချမှတ်လိုက်ပါတယ်။

 

ဆရက်ထာဟာ သောကြာနေ့ (မေလ ၂၄ ရက်နေ့) မှာ နိုင်ငံခြားကနေ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

ဖိချစ်ဟာ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်က နုတ်ထွက်သွားပြီးဖြစ်တာမို့ ၎င်းကို စစ်ဆေးမေးမြန်းစရာအကြောင်း ဘာမှမရှိကြောင်း တရားရုံးက ပြောပါတယ်။

 

ဖိချစ်ကို စစ်ဆေးမေးမြန်းဖို့ မလိုကြောင်းကို တရားသူကြီး ၉ ဦး မဲခွဲဆုံးဖြတ်ရာမှာ ၈ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ် ပါတယ်။

 

Ref: Srettha’s job on the line as charter court accepts senators’ petition

 

#Peoplemedia


Share this post