• Follow Us on
Latest News

Home ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းမှစတင်ပြီး ပြန်လည်သွားလာခွင့်ပေး

ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းမှစတင်ပြီး ပြန်လည်သွားလာခွင့်ပေး

Share this post

ဗန်းမော်၊ ဩဂုတ် ၂၂

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော် – ရွှေကူသွား ကားလမ်းပိုင်းအား ယနေ့ မနက်ပိုင်းမှ စတင်ပြီး ပြန်လည်သွားလာခွင့်ပေးထားကြောင်း ကားဆရာများထံမှ သိရသည်။

 

ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းအား ဩဂုတ်လ (၁၆) ရက်နေ့ကစ၍ တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များမှ သွားလာခွင့်အား ယာယီပိတ်ထားခဲ့ကြောင်း ဗန်းမော် – ရွှေကူ ပြေးဆွဲနေ သည့် ကားဆရာတစ်ဦးက ရှင်းပြသည်။

 

“ဒီကနေ့ မနက်ပိုင်းမှာ ဗန်းမော် – ရွှေကူ ကားလမ်းကို ပြန်ဖွင့်ပေးလိုက်တယ်။ အသွားအလာ ပြန်လုပ်နေကြ တယ်။ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းတော့ မဖွင့်သေးဘူး။ ကသာ၊ ထီးချိုင့်ဘက်က လှည့်ပြေးဆွဲနေရ တယ်” ဟု ၎င်းကရှင်းပြသည်။

 

ဗန်းမော် – ရွှေကူ – မန္တလေး သွားသည့် လမ်းပိုင်းများကို ဩဂုတ်လ (၁၆) ရက်နေ့က စတင်၍ သွားလာခွင့် ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်ခဲ့ကြောင်း ဗန်းမော်မြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

 

“ကျွန်တော်တို့ဒေသဖြစ်တဲ့  ဗန်းမော် – ရွှေကူ ကားလမ်းပိုင်းတွေကို ပိတ်ထားတော့ မန္တလေး၊ မြစ်ကြီးနားက ကုန်စည်အဝင်အထွက် မရှိကြတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်။ ကုန်စည်ကို လေယာဉ်နဲ့ သယ် ဆောင်နေရလို့ ဈေးတွေ အရင်ထက် သုံးဆလောက်တက်တာတွေ ကြုံခဲ့ရတယ်” ဟု ၎င်းကပြောသည်။

 

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ဆုံးရှုံးခြင်းများရှိခဲ့သည့်အပြင် ဒေသခံ ပြည်သူအများစုသည် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

 

မြတ်မင်း

 

#PeopleMedia


Share this post