ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၌ ကုမ္ပဏီဝန်ထမ်းတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

PUBLISHED - November 15, 2021
ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကုမ္ပဏီ ဝန်ထမ်းတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် ကုမ္ပဏီဝန်ထမ်း ဦးမျိုးသော်အောင်သည် အလုပ်သွားရောက်ရန်အတွက် ပတ္တမြားလမ်းရှိနေအိမ်မှ ထွက်ခွာစဉ်တွင် အမည်မသိ အမျိုးသားတစ်ဦးက အနီးသို့ ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ နံနက် ၈ နာရီ လောက်မှာဖြစ်တာ သေနတ်သံ ၆ ချက်လောက်တော့ ကြားရ တယ်။ သေနတ်သံကြားလို့ အပြင်ကို သွားကြည့်တဲ့အခါမှာ ကိုမျိုးသော်အောင် လဲကျနေတာကိုတွေ့ရတာ ဖြစ်ပါတယ်”ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်တွင် ဦးမျိုးသော်အောင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းသေဆုံးခဲ့သည့်နေရာတွင် ကျည်ခွံတချို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
#PeopleMedia #ကုမ္ပဏီဝန်ထမ်း
(unicode)
……………………………………………………………