• Follow Us on

Home ဗဟိုဘဏ်ရဲ့လွတ်လပ်ခွင့်ကို ထိုင်းပြည်တွင်းစီးပွားရေးအသင်း ကာကွယ်ပြောဆို

ဗဟိုဘဏ်ရဲ့လွတ်လပ်ခွင့်ကို ထိုင်းပြည်တွင်းစီးပွားရေးအသင်း ကာကွယ်ပြောဆို

Share this post

နိုင်ငံတကာ၊ မေ ၈

 

ထိုင်းဗဟိုဘဏ်နဲ့ အစိုးရတို့ ပဋိပက္ခဖြစ်ပွားပြီးနောက် ဗဟိုဘဏ်ရဲ့လုပ်ငန်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် ကြေညာချက်တစ်ရပ်ထုတ်ပြန်သွားမှာဖြစ်ကြောင်း ထိုင်းပြည်တွင်းစီးပွားရေးအသင်း (Thai Home Economics Association – THEA) က ဗုဒ္ဓဟူးနေ့ (မေလ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဗဟိုဘဏ်ငွေကြေးမူဝါဒနဲ့ပတ်သက်ပြီး အစိုးရက ဝင်ရောက်စွက်ဖက်မှုကနေ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိ တာကို ကာကွယ်ဖို့အတွက် မကြာခင်ထုတ်ပြန်မယ့် တရားဝင်ကြေညာချက်ကို ထောက်ခံတဲ့ စီးပွားရေးပညာရှင် တွေရဲ့ လက်မှတ်တွေကို THEA က စုဆောင်းနေကြောင်း THEA ရဲ့ဥက္ကဋ္ဌနဲ့ ထိုင်းဖွံ့ဖြိုးတိုးတက်ရေးသုတေသန အင်စတီကျုရဲ့ ကျော်ကြားတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ နစ်ပွန်ပိုအာပုန်ဆကွန်က ပြောပါတယ်။

 

ဗဟိုဘဏ်ဟာ အစိုးရသြဇာလွှမ်းမိုးမှုအောက်ကနေ ကင်းလွတ်တယ်ဆိုတဲ့ အဓိကအချက်နှစ်ချက်ကို THEA ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြသွားမှာဖြစ်ကြောင်း နစ်ပွန်က ပြောပါတယ်။

 

ပထမအချက်က ရေရှည်မှာ နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုကို အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ ကာလတိုနိုင်ငံရေး ဆောင်ရွက်ချက်တွေကို ထောက်ပံ့ဖို့အတွက် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်တွေကို အလွဲသုံးစားလုပ်ခြင်းကို ဗဟိုဘဏ်က ကာကွယ်ပေးရမှာဖြစ်ကြောင်း နစ်ပွန်က ပြောပါတယ်။

 

ဒုတိယအချက်က ပြည်သူတွေ၊ ငွေကြေးဈေးကွက်တွေ၊ အရင်းအနှီးဈေးကွက်တွေနဲ့ စတော့အိပ်ချိန်းဈေးကွက် တွေက ဗဟိုဘဏ်ကို ယုံကြည်မှုရှိမှ ဗဟိုဘဏ်ဟာ ၎င်းရဲ့ငွေကြေးဖောင်းပွမှုရည်မှန်းချက်တွေကို အောင်မြင် မှုရရှိအောင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကြားဝင်ဆောင်ရွက်တာကို ခွင့်မပြုဖို့ ဆုံးဖြတ် ရမှာဖြစ်ကြောင်း နစ်ပွန်က ထောက်ပြပါတယ်။

 

ဗဟိုဘဏ်က အဲဒီလိုယုံကြည်မှုတွေ ဆုံးရှုံးသွားမယ်ဆိုရင် တူရကီနိုင်ငံဖြစ်ပွားခဲ့သလို ဈေးကွက်တန်ဖိုးတွေ ရုတ်တရက်ထိုးတက်သွားတဲ့ ဆိုးရွားလှတဲ့ economic bubble အခြေအနေကို ဆိုက်ရောက်သွားပြီး တိုင်းပြည် စီးပွားရေးအကြီးအကျယ် ပြိုကွဲပျက်စီးသွားနိုင်ကြောင်း နစ်ပွန်က ပြောပါတယ်။

 

ဗဟိုဘဏ်နဲ့ အစိုးရကြားက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေဖို့အတွက် ဒူးတိုက်ဆွေးနွေးပြီး ခေါင်းချင်းရိုက်အဖြေရှာဖို့အတွက် THEA အဖွဲ့ဝင်တွေကလည်း အစည်းအဝေးတစ်ရပ်ကျင်းပသွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

နိုင်ငံရဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ဗဟိုဘဏ်ဟာ အဟန့်အတားဖြစ်နေတာကို သက် သေပြနေကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က အာဏာရဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထ ရာက ပြေကြားလိုက်ပြီးနောက် THEA ဟာ ဗဟိုဘဏ်ရဲ့လွတ်လပ်မှုကို ကာကွယ်ပြောဆိုလိုက်တဲ့ နောက်ဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။

 

ဗဟိုဘဏ်ရဲ့ဘဏ္ဍာရေးမူဝါဒကြောင့် အစိုးရဌာနအသီးသီးရဲ့အကြွေး နှစ်စဉ်မြင့်တက်နေတဲ့အတွက် အစိုးရဟာ ဘတ်ဂျက်လိုငွေနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပြောဆိုရင်း ပေထောင်တန်က ဗဟိုဘဏ်ကို ဝေဖန်ခဲ့ပါတယ်။

 

ဖီယူထိုင်းပါတီညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်ဖြစ်လာပြီး ဆရက်ထာထာဗီဆင် ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ် လာပြီးနောက် ဗဟိုဘဏ်အတိုးနှုန်းကို ၂.၅% ကနေ လျှော့ချပေးဖို့ အစိုးရက ဗဟိုဘဏ်ကို ဖိအားပေးခဲ့ပေမဲ့ ဗ ဟိုဘဏ်က လျှော့ချခြင်းမလုပ်ခဲ့ပါဘူး။

 

ငွေကြေးဖောင်းပွမှုနှုန်းဟာ အပျက်သဘောဆောင်တဲ့အပိုင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း အစိုးရက ပြောပေမဲ့ ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒကော်မတီကတော့ လက်ရှိအတိုးနှုန်းဟာ ရည်မှန်းချက်ဘောင်အတွင်းမှာပဲရှိနေတဲ့ အတွက် သင့်လျော်တဲ့အတိုးနှုန်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

Ref: Thai Home Economics Association defends Bank of Thailand independence

 

#PeopleMedia


Share this post