ဗိုလ်ချုပ်ကြီးမြထွန်းဦး ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်
PUBLISHED - September 29, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက် ရောက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက China National Convention Center (CNCC) ၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. He Lifeng တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၆ ရက်နေ့ အစီအစဉ်အရ ကျင်းပပြုလုပ်သော ကုန်းရေနှစ်သွယ် စင်္ကြံ ထူထောင်ရေးနှင့်စပ်လျဉ်းသည့် Comprehensive Transport Investment Promotion Conference သို့ တက်ရောက်၍ မြန်မာနိုင်ငံသည် ဒေသတွင်း မဟာဗျူဟာမြောက် အချက်အချာနေရာ၌ တည်ရှိနေမှု၊ တရုတ်နိုင်ငံက ဦးဆောင်ဦးရွက်ပြုသော Belt and Road Initiative(BRI) နှင့် မဲခေါင်-လန်ချန်း အစီအစဉ် များတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက် ရှိမှု၊ ကုန်းရေနှစ်သွယ် စင်္ကြံထူထောင်ရေးတွင် အဓိက အရေးပါသည့် နိုင်ငံဖြစ်လာစေရန် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် အတွေ့အကြုံ အသိပညာများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များကို ပါဝင်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုး တက်သော ပို့ဆောင်ရေးကဏ္ဍဖြစ်ပေါ်လာစေရန် ဝန်ကြီးများအဆင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ပြုရေး စားပွဲဝိုင်းဆွေးနွေးပွဲ (Ministerial Roundtable on Building a Global Sustainable Transport Partnership) သို့ တက်ရောက်၍ နိုင်ငံ ၁၈ နိုင်ငံမှ ဝန်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂ အာရှ-ပစိဖိတ် ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၅ ခုတို့မှ အကြီးအကဲများနှင့်အတူ ပါဝင် ဆွေးနွေးပါသည်။ ဝန်ကြီးအဆင့်စားပွဲဝိုင်း ဆွေးနွေးပွဲ တွင် ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိတ်ဖက်ပြုရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် စပ် လျဉ်း၍ အားလုံးပါဝင်မှုနှင့် တန်းတူညီမျှမှု (Inclusivity and Equality)၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)၊ ခံနိုင် ရည်ရှိမှုနှင့် လိုက်လျောညီထွေရှိမှု (Resiliency and Adaptability)၊ ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှု (Trust and Mutual Respect)တို့ကို အလေးထားသုံးသပ်ဆွေးနွေးပြီး နိုင်ငံများ အနေဖြင့် တက်ကြွစွာပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါရန် အကြံပြုတိုက်တွန်း ပြောကြားသည်။
ယခုကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဝန်ကြီးအဆင့်များ၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိ သူများ၊ နိုင်ငံပေါင်း ၆၀ ကျော်မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာမှ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၆၀၀၀) ဦး ပါဝင် တက်ရောက်ကြောင်း သိရသည်။
#PeopleMedia