ဗြိတိန်က ယူကရိန်းအတွက် LMM လေကာဒုံးကျည် အစင်း ၆၅၀ ထောက်ပံ့မည်
PUBLISHED - September 10, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀
ဗြိတိန်နိုင်ငံက ယူကရိန်းကို တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် (LMM ဒုံးကျည်) အစင်း ၆၅၀ ထောက်ပံ့သွားမှာဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သောကြာနေ့ (စက်တင်ဘာ ၆ ရက် နေ့) က ကြေညာလိုက်ပါတယ်။
ပေါင် ၁၆၂ သန်း (ဒေါ်လာ ၂၁၂ သန်း) တန်ကြေးရှိ အပေါ့စားဘက်စုံသုံး ဒုံးကျည်တွေကို သဲလ်စ်ကုမ္ပဏီ (Thales) က ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။
အဲဒီပခုံးထမ်းဒုံးကျည် ပထမအသုတ်ကို အခုနှစ်အကုန်ပိုင်းလောက်မှာ ယူကရိန်းကို ပို့ဆောင်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။
“ဒီကတိကဝတ်အသစ်ဟာ ယူကရိန်းနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍက မြှင့်တင်ပေးသွားမှာဖြစ်သလို ကျွန်တော်တို့အစိုးရသစ်အဖွဲ့ရဲ့ ယူကရီန်းနိုင်ငံအပေါ် ထောက်ပံ့မှုတွေ မြှင့်တင် သွားမယ်ဆိုတဲ့ ကတိကိုလည်း သက်သေပြသွားတာပဲဖြစ်ပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ က ပြောပါတယ်။
“မကြာသေးခင်ရက်တွေအတွင်းက ပိုလ်တာဗာနဲ့ လာဗစ်မြို့တွေမှာ ရုရှားဘက်က အဆင်အခြင်မဲ့တိုက်ခိုက် လာတဲ့အတွက် ဝမ်းနည်းစရာကောင်းတဲ့ဆုံးရှုံးမှုတွေကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံထုတ် ဒီ ဒုံးကျည်သစ်တွေဟာ ယူကရိန်းပြည်သူတွေ၊ အခြေခံအဆောက်အုံတွေနဲ့ ပူတင်ရက်စက်စွာ တိုက်ခိုက်နေတဲ့ နယ်မြေတွေကို ကာကွယ်ရာမှာ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
LMM ဘက်စုံသုံးပခုံးထမ်းဒုံးကျည်ကို သဲလ်စ်ကုမ္ပဏီ Belfast စက်ရုံကထုတ်လုပ်တာဖြစ်ပြီး ၆ ကီလိုမီတာ (၃.၇၂ မိုင်) အကွာအဝေးကို ၁.၅ မက်ချ် (တစ်နာရီကို ၁၁၅၂ မိုင်/ ၁၈၅၂ ကီလိုမီတာ) နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။
LMM ဒုံးကျည်ကို ဝေဟင်၊ ရေပြင်၊ မြေပြင် နေရာမျိုးကနေ ပစ်ခတ်နိုင်ပြီး စစ်စခန်းအဆောက်အဦတွေ၊ တင့်/ သံချပ်ကာယာဉ်တွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေကို ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက LMM ဒုံးကျည်တွေ ရာနဲ့ချီပြီး ယူကရိန်းနိုင်ငံကို ပေးပို့ခဲ့သလို အဲဒီလက်နက် တွေနဲ့ ရုရှားဒရုန်းတွေနဲ့ တခြားဝေဟင်ပစ်မှတ်တွေ အများအပြားကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။
လျော့နည်းသွားတဲ့ လက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပေါင် ၁၇၆ သန်း (ဒေါ်လာ ၂၂၇ သန်း) တန်ကြေးရှိ LMM ဒုံးကျည်တွေကို ဇူလိုင်လက မှာယူခဲ့ပါတယ်။
“ယူကရိန်းစစ်ပွဲစတင်ကတည်းက ယူကရိန်းနိုငငံ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအသုံးပြုနိုင်ဖို့အ တွက် အထောက်အကူပြုဖို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သဲလ်စ်ကုမ္ပဏီတို့ အနီးကပ်ပူးပေါင်းဆောင်ရွက် ခဲ့ကြပါတယ်။” လို့ သဲလ်စ်ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
Ref: UK Announces 650 Air Defense Missiles for Ukraine
#PeopleMedia