ဗြိတိန်နိုင်ငံ ဆောက်ပို့တ်မြို့က ဓားထိုးမှုမှာ ကလေးငယ် ၂ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
PUBLISHED - July 30, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃၀
အင်္ဂလန် အနောက်မြောက်ပိုင်း ဆောက်ပို့တ်မြို့က အကနဲ့ ယောဂသင်တန်းကျောင်းတစ်ခုမှာ တနင်္လာနေ့ (ဇူလိုင် ၂၉ ရက်နေ့) က ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးက ဓားနဲ့ လိုက်ထိုးတဲ့အတွက် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးငယ် ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လစ်ဗါပူးလ်မြို့အနီးက ဆောက်ပို့တ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဓားထိုးမှုအတွက် အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို ဖမ်းဆီးထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြစ်မှုဖြစ်ပွားရတဲ့ နောက်ခံအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဒီဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ စုံထောက်တွေက မယူဆပါဘူး။ ဒဏ်ရာရထားတဲ့ ကလေးငယ် ၉ ဦးထဲက ၆ ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။
အဲဒီအထဲက အရွယ်ရောက်ပြီး ကလေးငယ်နှစ်ဦးက ကျန်တဲ့ကျောင်းသားတွေကို အကာအကွယ်ပေးရင်း ဒဏ်ရာ ရခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
“ဒဏ်ရာရခဲ့တဲ့ အရွယ်ရောက်ပြီးသား ကလေးနှစ်ဦးဟာ ဓားထိုးခံနေရတဲ့ ကလေးငယ်တွေကို ရဲရဲရင့်ရင့် ကြိုးစားကာကွယ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။” လို့ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကွန်စတေဘယ်လ်ဆီရီနာ ကနေဒီ က ပြောပါတယ်။
အသက် ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကြားရှိ ကလေးသူငယ်တွေရဲ့ ကျောင်းအားလပ်ရက် ပထမသီတင်းပတ်မှာ အဲဒီကျောင်းမှာ တေလာဆွစ်အထိမ်းအမှတ်ပွဲတစ်ခု ကျင်းပနေတုန်း အခုလို ဓားထိုးမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
“ကလေးတွေဟာ ကလေးကစားခန်းထဲကနေ လမ်းမပေါ်ကို ပြေးထွက်လာကြတယ်။ လည်ပင်းတွေ၊ ကျော ကုန်းတွေ၊ ရင်ဘတ်တွေ အဲဒီနေရာတွေကို ဓားနဲ့လိုက်ထိုးနေတာပါ။” လို့ အနီးနားက ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ် သူ ဘဲဝါးရာသန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်ကြောင်း ဝန်ကြီးချုပ်ခီယားစတားမာက ပြောပါတယ်။
“အခုလို ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်မှာ ထိခိုက်နစ်နာခဲ့သူတွေအတွက် တတိယမြောက်ချားလ် ဘုရင်က ဝမ်းနည်းကြောင်းသဝဏ်လွှာနဲ့ ဆုတောင်းစကားတွေ ပေးပို့ခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Two children dead and nine injured in stabbing attack at Southport dance class
#PeopleMedia