ဗြိတိန်ရဲ့သစ္စာဖောက်မှုကြောင့် အာဖဂန်အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ တာလီဘန်တွေဆီပြန်ပို့ခံရမယ့်အခြေ အနေနဲ့ ရင်ဆိုင်နေရ
PUBLISHED - December 11, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁
ဗြိတိန်နိုင်ငံက ထောက်ပံ့လေ့ကျင့်ပေးထားတဲ့ အာဖဂန်အထူးတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ဟာ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ကို ပြန်လည်ပို့ဆောင်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း BBC သတင်း ဌာနက ရေးသားဖော်ပြလိုက်ပါတယ်။
အာဖဂန်စစ်ပြန်ကွန်ရက်တစ်ခုက စုစည်းထားတဲ့ အဲဒီတပ်ဖွဲ့ဝင်ဟောင်းတွေဟာ ဗြိတိန်ဗိုလ်ချုပ်ကြီးဟောင်းတစ် ဦးပြောသလိုပဲ ဒီကိစ္စကို “သစ္စာဖောက်မှု” နဲ့ “ရှက်စရာအပြုအမူ” ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
အဲဒီစစ်သားတွေဟာ ပါကစ္စတန်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာ အာဖဂန်ဒုက္ခသည်တွေအ ဖြစ်ပြန်ပို့ခံရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရကတော့ ၎င်းတို့အနေနဲ့ အာဖဂန်ဒုက္ခသည်ထောင်ပေါင်းများစွာကို ဘေးကင်းလုံခြုံစွာခေါ်ဆောင် လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအာဖဂန်စစ်သားတွေကို ပြန်လည်နေရာချပေးဖို့ ဗြိတိန်အစိုးရဘက်က ပျက်ကွက်ခဲ့တာဟာ နိုင်ငံတစ်ခုအ နေနဲ့ မရိုးသားတဲ့အပြုအမူဖြစ်တဲ့အတွက် ရှက်စရာကောင်းတဲ့အပြုအမူဖြစ်ကြောင်း အာဖဂန်စစ်မြေပြင်မှာ ၁၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်ကြည်းတပ်က ဗိုလ်ချုပ်ကြီး ရစ်ချတ်ဘာရွန်းစ်က BBC ကို ပြောပါတယ်။
“ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒါဟာ သစ္စာဖောက်မှုတစ်ခုပါပဲ။ ဒီသစ္စာဖောက်မှုရဲ့ အဖိုးအခအဖြစ် ကျွန်တော် တို့နဲ့အတူ တာဝန်ထမ်းဆောင်ခဲတဲ့သူတွေဟာ အသတ်ခံရနိုင်သလို ထောင်ထဲမှာနေသွားကြရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဲဒီအာဖဂန်အထူးတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ထမ်းဆောင်မှုကို အလွန်တန်ဖိုးထားရမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ အဲဒီတပ်ဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့ လုပ်နိုင်တာမှန်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၁ ခုနှစ်က ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က လွှတ်တော်ထဲမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဒုက္ခရောက်နေတဲ့ အာဖဂန်အရပ်သားခေါင်းဆောင်တွေကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ဗြိတိန် ထိပ်တန်းသံတမန်တစ်ဦးနဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေက တောင်းဆိုတာကို ဗြိတိန်အစိုးရက ပယ်ချလိုက် ကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့နောက်မှာ အခုလို အာဖဂန်အထူးတပ်ဖွဲ့ဝင်ဟောင်းတွေအတွက် စိုးရိမ် ပူပန်လာကြတာဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား စစ်ဆင်ရေးကာလအတွင်း အာဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်အတွင်း ဗြိတိန်တပ်ဖွဲ့ဝင်တွေ/ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့တူ တာဝန်ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ အစိုးရရှေ့ နေတွေနဲ့ အရာရှိတွေပါဝင်တဲ့ လူပေါင်း ၃၂ ဦးပါ အုပ်စုတစ်စုက ၎င်းတို့ကို အရေးပေါ် အကူအညီပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကို ၂၀၂၂ ခုနှစ် မတ်လအတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ပေးပို့ခဲ့ရာ BBC သတင်းဌာနက အဲဒီစာကို လက်ခံရရှိထားပါတယ်။
အာဖဂန်အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက အများစုလိုပဲ အဲဒီ ၃၂ ဦးပါ အုပ်စုကလည်း အာဖဂန်ပြန်လည်နေရာချထား ရေးနဲ့ ကူညီထောက်ပံ့ရေးစီမံချက် (Afghan Relocations and Assistance Programme – ARAP) က တစ် ဆင့် ဗြိတိန်နိုင်ငံထဲကို ဝင်ရောက်ခွင့်ပြုဖို့ လျှောက်ထားခဲ့ပြပါတယ်။
လျှောက်ထားသူတချို့ဟာ တစ်နှစ်ကျော်ကြာတဲ့အထိ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သလို အရာရှိ/အခြားအဆင့် အများအပြားဟာလည်း ၎င်းတို့လျှောက်ထားမှုကို ပယ်ချခံခဲ့ရပါတယ်။
လျှောက်ထားတဲ့အရာရှိတစ်ဦးကတော့ စတင်လျှောက်ထားတဲ့အချိန်ကစပြီး လပေါင်း ၂၀ ကျော်ကြာတဲ့ အချိန် ရောက်မှ ၎င်းရဲ့လျှောက်ထားမှုကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကပဲ ပယ်ချခဲ့ကြောင်း BBC ကို ပြောပါတယ်။
အကူအညီတောင်းခံထားတဲ့စာမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဆာရစ်ချတ်ကတော့ “ကျွန်တော် တို့ အဲဒီပုဂ္ဂိုလ်တွေကို အထူးကတိပြုခဲ့ပါတယ်။ ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်း လုံလောက်စွာ ထိထိရောက် ရောက်၊ အားကြိုးမာန်တက် မဆောင်ရွက်နိုင်သေးပါဘူး။” လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံထဲကနေ နှင်ထုတ်ခံရတဲ့ အာဖဂန်အထူးတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တဲ့ အလီကတော့ ၎င်း အနေနဲ့ ဗြိတိန်အစိုးရက သစ္စာဖောက်ပြီး စွန့်ပစ်ခဲ့သလို ခံစားရကြောင်း BBC ကို ပြောပါတယ်။
“ကျွန်တော်တို့တွေ နေ့ရာညပါ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။ တဲတစ်လုံးတည်းမှာ အတူအိပ်ခဲ့ကြ သလို တစ်ပန်းကန်တည်း အတူတူစားခဲ့ကြတယ်။ စစ်ဆင်ရေးကာလတစ်လျှောက်လုံး ကျွန်တော်တို့မိသားစုဝင် တွေ၊ ရဲဘော်ရဲဘက်တွေလို ဗြိတိန်စစ်သားတွေနဲ့ အတူလက်တွဲပြီး ရင်ဘောင်တန်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။” လို့ အလီက ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ကြီးမားလာတဲ့ ဘိန်းစိုက်ပျိုးမှုကို နှိမ်နှင်းဖို့အတွက် ၂၀၀၃ ခုနှစ်မှာ ဗြိတိန်အစိုးရက ဖွဲ့စည်း လိုက်တဲ့ အမှတ် ၃၃၃ အထူးကွန်မန်ဒိုတပ်ဖွဲ့မှာ အလီဟာ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ထပ်ဖွဲ့စည်းလိုက်တဲ့ အမှတ် ၄၄၄ အထူးကွန်မန်ဒိုတပ်ဖွဲ့နဲ့အတူ အဲဒီတပ်ဖွဲ့တွေကို “သုံးပွင့်ဆိုင်တပ်ဖွဲ့” အဖြစ်လူသိများလာပါတယ်။
“အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအတွက် ဗြိတိန်ကထောက်ပံ့ဖွဲ့စည်းထားတဲ့ အဲဒီသုံးပွင့်ဆိုင်တပ်ဖွဲ့ဟာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေဟာ ဗြိတိန်တပ်ဖွဲ့ဝင်တွေနဲ့အတူ အန္တရာယ်အရှိဆုံး၊ အခက်ခဲဆုံး၊ အရေးအကြီးဆုံး စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။” လို့ ဗိုလ် ချုပ်ကြီးဟောင်း ဆာရစ်ချတ်ဘာရွန်းစ်က ပြောပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ အာဖဂန်နစ္စတန်ပြိုကွဲတဲ့အချိန်မှာ အမှတ် ၃၃၃ အထူးကွန်မန်ဒိုတပ်ဖွဲ့က အနည်းငယ် မျှသော တပ်ဖွဲ့ဝင်တချို့နဲ့အတူရှိနေတဲ့ အလီဟာ နိုင်ငံတွင်းက ထွက်ခွာဖို့ ကြိုးစားနေတဲ့ ဗြိတိန်နိုင်ငံသားတွေ ကို ကာကွယ်ဖို့ ကဘူးမြို့တော်မှာရှိတဲ့ ဘာရွန်ဟိုတယ်ကို ထွက်ခွာလာခဲ့ကြပါတယ်။
အားလုံးထွက်ခွာပြီးချိန်မှာ အလီတစ်ယောက် ဗြိတိန်နိုင်ငံက ဘေးကင်းလုံခြုံရေးရွှေ့ပြောင်းပေးနေတဲ့ လေ ယာဉ်ပေါ်ကို တက်ရောက်ခွင့်မရခဲ့တဲ့အတွက် ကုန်းလမ်းကတစ်ဆင့် ပါကစ္စတန်နိုင်ငံထဲကို ဝင်ရောက်ခဲ့ရပါ တယ်။
ဗြိတိန်တပ်ဖွဲ့ဝင်တွေနဲ့အတူ အနှစ် ၂၀ နီးပါး လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် သူ့ကိုမကြာခင် ဗြိတိန်နိုင်ငံထဲ ဝင်ရောက်ခွင့်ပေးဖို့ ကမ်းလှမ်းလာလိမ့်မယ်လို့ အလီ်တစ်ယောက်မျှော်လင့်ခဲ့ပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဘဲ တက်တက်စင်အောင် လွဲခဲ့ရပါတယ်။
“သူရဲကောင်းတွေ စွန့်ပစ်ခံရလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ တွေးမိထားမိဘူုး။ ကျွန်တော်တု့ိ အန္တရာယ်ကြားမှာ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့ အမြဲအသင့် အနေအထားနဲ့ ကူညီခဲ့ကြတယ်။ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လူသားဘဝကို ကျွန်တော်တို့ တန်ဖိုးထားခဲ့ကြ တယ်။ အခုအချိန်မှာတော့ အားလုံးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါပြီ။ တကယ့်ကို စိတ်ပျက်စရာပါ။” လို့ အလီက ပြောပါတယ်။
လက်ရှိအချိန်မှာ လိုအပ်တဲ့အထောက်အထားတွေမရှိဘဲနေထိုင်နေတဲ့ အာဖဂန်လူမျိုးတွေကို ပါကစ္စတန်ရဲတွေ က လိုက်လံနှိမ်နှင်းနေပြီး ဖမ်းမိတာနဲ့ အာဖဂန်နစ္စတန်ကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်နေပါတယ်။
“ကျွန်တော် အလုပ်လုပ်လို့မရဘူး။ ပါကစ္စတန်ရဲတွေကို ကြောက်တာနဲ့ ကျွန်တော့်ဇနီး၊ ကလေးငါးယောက်နဲ့အ တူ ကျွန်တော် အခန်းတစ်ခုထဲမှာ ပုန်းအောင်းနေရတယ်။ အခန်းအောင်းနေတာ အခုဆိုရင် သုံးလရှိပါပြီ။” လို့ အလီက ပြောပါတယ်။
အခုနှစ်အကုန်မှာ နေရပ်ဖြစ်တဲ့ အာဖဂန်ကို ပြန်ပို့ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ အလီလိုလူစားမျိုးတွေ ၂၀၀ ဝန်းကျင်လောက်ရှိပါတယ်။
အခုလိုသစ္စာအဖောက်ခံရပြီး ပစ်ထားခံရတာ အာဖဂန်တပ်ဖွဲ့ဝင်ဟောင်းတွေတင်မကဘဲ ဗြိတိန်စစ်တပ်ကို ကူညီခဲ့တဲ့ အာဖဂန်အရပ်သားတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။
၂၀၀၁ ခုနှစ် မတိုင်ခင်က တာလီဘန်တွေ အဓိကကြီးစိုးခဲ့တဲ့ ဟဲလ်မန်းပြည်နယ် ဂမ်ဆီယာခရိုင်က ခရိုင်အုပ် ချုပ်ရေးမှူးဖြစ်သူ မိုဟမ်မက်ဖာဟမ်ကလည်း ဗြိတိန်အစိုးရသစ္စာဖောက်တာကို ခံလိုက်ရသူဖြစ်ပါတယ်။
“ကျွန်တော် ခရိုင်အုပ်ချုပ်ရေးမှူးဘဝက တာလီဘန်အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံတ ကာတပ်ဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေတယ်ဆိုတာ တာဘီဘန်တွေသိတယ်။ ဒ့ါကြောင့် ကျွန်တော့်အတွက် အန္တရာယ်ရှိလာမှာ အမှန်ပါပဲ။” လို့ မိုဟမ်မက်ဖာဟမ်က ပြောပါတယ်။
ဗြိတိန်တပ်ဖွဲ့ဝင်တွေနဲ့ နှစ်ပေါင်းများစွာလက်တွဲဆောင်ရွက်ခဲ့တဲ့အတွက် ၎င်းကို ခိုလှုံခွင့်ပေးလိမ့်မယ်လို့ မျှော် လင့်ခဲ့ပေမဲ့ ၎င်းကို ARAP စီမံချက်ကနေ ပယ်ချခဲ့တယ်လို့ မစ္စတာဖာဟမ်က ပြောပါတယ်။
လက်ရှိအချိန်မှာ မိုဟမ်မက်ဖာဟမ်ဟာ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှာ ခိုလှုံနေပြီး ၎င်းရဲ့ ဗီဇာ သက်တမ်းကလည်း ကုန်ဆုံးသွားပြီဖြစ်သလို ရွေးချယ်စရာလမ်းတွေကလည်း နည်းပါးလာပါတယ်။
“ကျွန်တော် သစ္စာဖောက်ခံလိုက်ရတာပါ။ အခုလို တစ်ယောက်တည်း ကျန်ရစ်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မ တွေးမိခဲ့ပါဘူး။” လို့ မစ္စတာဖာဟမ်က ပြောပါတယ်။
မစ္စတာဖာဟမ်ဟာ ၎င်းတို့ကိုကူညီခဲ့သူဖြစ်ကြောင်း ဗြိတိန်စစ်တပ်အရာရှိကြီးတွေနဲ့ သံတမန်အရာရှိတွေကိုယ် တိုင်က ထောက်ခံချက်တွေပေးကြပေမဲ့ ဗြိတိန်အစိုးရက ၎င်းရဲ့ ခိုလှုံခွင့်တောင်းခံချက်ကို ငြင်းပယ်ခဲ့တာပါ။
“ကျွန်တော်ရှက်လိုက်တာဗျာ။ သူတို့အတွက် လုပ်ပေးဖို့ ကျွန်တော်တို့မှာတာဝန်ရှိပြီး အဲဒီတာဝန်ကို ကျေပွန် အောင်မထမ်းဆောင်နိုင်တဲ့အတွက် ကျွန်တော်ရှက်ပါတယ်။ သူတို့ဟာ အရည်အချင်းမပြည့်မီဘူး။ သူတို့ကို တာလီဘန်တွေလက်ထဲမှာ ကျီးထိုးထိုး ခွေးစားစား ပစ်ထားခဲ့သင့်တယ်လို့ ပြောရမှာ အဓိပ္ပာယ်မရှိလိုက်တာ ဗျာ။” လို့ ဗိုလ်ချုပ်ကြီးဟောင်း ဆာရစ်ချတ်ဘာရွန်းစ်က ပြောပါတယ်။
Ref: Elite Afghan troops face return to Taliban after UK ‘betrayal’
#PeopleMedia